မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေ အကုန်နီးပါး နိုင်ပွဲတွေကိုယ်စီ ပိုင်ဆိုင်ခဲ့ပေမယ့် မီလန်ကတော့ (၃)ပွဲဆက်တိုက် အရေးနိမ့်မှုကြောင့် အခြေအနေမဟန် ဖြစ်နေခဲ့ရပါတယ်။ ဒီနေ့ညမှာလည်း တကယ့်ကို ပွဲကြီးပွဲကောင်းတွေ ပါဝင်နေသေးတာဖြစ်လို့ ဒီပွဲတွေရဲ့အကြောင်းကို သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

ဘာစီလိုနာ နဲ့ ဒိုင်နမိုကိဗ် (ည၁၁နာရီ၁၅မိနစ်)

ဒီပွဲက ဘာစီလိုနာအတွက် သေရေးရှင်ရေးလို အရေးကြီးနေတဲ့ ပွဲစဉ်ပါ။ ဒီပွဲမှာ နိုင်ပွဲစတင် ရယူနိုင်လိုက်မယ်ဆိုရင် နောက်ပွဲတွေအတွက်လည်း စိတ်အားထက်သန်သွားနိုင်ပါမယ်။ ဒိုင်နမိုကိဗ်အနေနဲ့ကလည်း ဘာစီလိုနာနဲ့ ဆုံတွေ့ရတိုင်းမှာ ရလဒ်တွေ ဆိုးရွှားနေတတ်တဲ့ အစဉ်အလာရှိနေတာမို့ ပွဲကို အပြည့်အဝ အာရုံစိုက်လာမယ့် ဘာစီလိုနာကိုပဲ ယုံကြည်ထားချင်ပါတယ်။

ဘင်ဖီကာ နဲ့ ဘိုင်ယန်မြူးနစ် (မနက်၁နာရီခွဲ)

ဘင်ဖီကာက အိမ်ကွင်းမှာ ဘာစီလိုနာကို အနိုင်ယူထားခဲ့ပေမယ့် ဘိုင်ယန်ကို ဟန့်တားဖို့ဆိုတာက မလွယ်နိုင်ပါဘူး။ နှစ်သင်းကြားမှာ ခြေစွမ်းပိုင်း ကစားသမားပိုင်း ကွာဟချက်လည်း ကြီးမားနေတာဖြစ်လို့ စောစောစီးစီး နောက်တစ်ဆင့်တတ်ဖို့ အားထည့်လာမယ့် ဘိုင်ယန်တို့ ပေါ်တူဂီမြေမှာ ရလဒ်ကောင်းနိုင်ပါလိမ့်မယ်။

မန်ချက်စတာယူနိုက်တက် နဲ့ အတ္တလန်တာ (မနက်၁နာရီခွဲ)

ယူနိုက်တက်တို့ အမှားခံလို့ မဖြစ်တော့တဲ့ အနေအထားပါ။ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ရော ချန်ပီယံလိဂ်မှာ အခြေအနေကောင်းဖို့အတွက်ပါ ဒီပွဲက မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ အတ္တလန်တာက အဝေးကွင်း ရှုံးပွဲမရှိသေးတာက ယူနိုက်တက်အတွက် သတိထားစရာပါ။ ယူနိုက်တက်ရဲ့ လက်ရှိ Form အရ ဒီပွဲမှာလည်း ခြေချော်လက်ချော် ဖြစ်သွားနိုင်ပြီး သရေကျဖွယ်သာ ရှိနေပါတယ်။

ချယ်လ်ဆီး နဲ့ မာလ်မို (မနက်၁နာရီခွဲ)

ဂျုဗင်တပ်စ်ကို အရေးနိမ့်ထားမှုကို အုပ်စုအတွင်း အားအနည်းဆုံး မာလ်မိုအသင်းနဲ့ ဆုံတွေ့ချိန်မှာ ကုစားနိုင်ဖို့ လိုအပ်နေပါတယ်။ ဆွီဒင်ကလပ် မာလ်မိုက ချယ်လ်ဆီးနဲ့ယှဉ်မယ်ဆိုရင် အဆင့်အတန်းချင်း ကွာဟလွန်းတဲ့ အသင်းဖြစ်တာကြောင့် စတမ်းဖိုဒ့်ဘရစ်ချ်မှာ အိမ်ရှင်တို့ နိုင်ပွဲတစ်ပွဲကို အသာအယာ ရယူသွားနိုင်ပါလိမ့်မယ်။

ဇင်းနစ် နဲ့ ဂျုဗင်တပ်စ် (မနက်၁နာရီခွဲ)

ဇင်းနစ်က မာလ်မိုကို အနိုင်ရထားလို့ မျှော်လင့်ချက် ရှိနေသေးတယ်ဆိုပေမယ့် ဒီနောက်ပိုင်းမှာ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်လာခဲ့တဲ့ ဂျုဗင်တပ်စ်ကို အနိုင်ယူဖို့ဆိုတာတော့ ခဲယဉ်းနိုင်ပါတယ်။ ရုရှားမြေမှာ ကစားရမှာဆိုပေမယ့် အယ်လီဂရီကတော့ အနည်းဆုံး အိမ်ရှင်အသင်းဆီကနေ တစ်မှတ်ခွဲယူနိုင်အောင် ပြင်ဆင်လာမှာဖြစ်လို့ ဂျုဗီတို့ သရေအနိမ့်ဆုံးလို့ ထင်မြင်မိပါတယ်။