ဘောလုံးပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမယ့် ချန်ပီယံလိဂ်ညချမ်းတွေ ပြန်လည်ရောက်ရှိလာပါပြီ။ ဒီတစ်ပတ်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေထဲမှာလည်း တကယ့်ကို ပွဲကြီးပွဲကောင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ပွဲ အေစီမီလန်နဲ့ အသက်လက်တီကိုတို့ပွဲ မန်ချက်စတာယူနိုက်တက်နဲ့ ဗီလာရီးယဲလ်တို့ပွဲတွေ ပါဝင်နေတာမို့ ဒီတစ်ပတ် ကြားရက်တွေကလည်း ဘောလုံးပရိသတ်တွေအတွက် အိပ်ရေးပျက်ရကျိုးနပ်စေမှာ သေချာနေပါတယ်။

ပီအက်စ်ဂျီ နဲ့ မန်စီးတီး (မနက်၁နာရီခွဲ)

ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်မှာပဲ တွေ့ဆုံခဲ့မှုမှာတော့ မန်စီးတီးကပဲ (၂)ကျော့လုံးမှာ ရလဒ်တွေ ကောင်းခဲ့တာဆိုပေမယ့် လက်ရှိ ပီအက်စ်ဂျီက မနှစ်က အသင်းထက်ကို ပိုမိုတောင့်တင်းလို့နေပါတယ်။ အသင်းလိုက် ကစားအားမှာ မန်စီးတီးက သာလွန်နေတယ်ဆိုပေမယ့် တစ်ဦးချင်းစွမ်းရည်ပိုင်းမှာ အိမ်ရှင်က သာနေပြီး မက်ဆီလည်း ဒီပွဲကို ပါဝင်နိုင်မှာဖြစ်လို့ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ ပီအက်စ်ဂျီကို ပိုမိုသဘောကျမိပါတယ်။

အေစီမီလန် နဲ့ အသက်လက်တီကို (မနက်၁နာရီခွဲ)

အဖွင့်ပွဲတွေမှာ နိုင်ပွဲပျောက်ထားရတဲ့ အသင်း(၂)သင်းရဲ့ တွေ့ဆုံမှုမှာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ လက်ရှိအနေအထားအရဆိုရင် အိမ်ရှင်မီလန်က အသက်လက်တီကိုထက်ကို ပုံစံကောင်းတစ်ခု ရှိလို့နေပြီး ကစားရမှာကလည်း အီတလီမြေမှာဖြစ်လို့ မီလန်တို့ ရလဒ်ကောင်းနိုင်မယ်လို့ ယူဆနိုင်ပေမယ့် ဥရောပ အတွေ့အကြုံပိုင်းမှာ ပိုသာနေတဲ့ အသပ်လက်တီကိုအသင်းကိုပဲ အားပေးသွားချင်ပါတယ်။

ပေါ်တို နဲ့ လီဗာပူးလ် (မနက်၁နာရီခွဲ)

ပေါ်တိုက လတ်တလောမှာ Form ကောင်းနေတယ်ဆိုပေမယ့်လည်း လီဗာပူးလ်လို အသင်းမျိုးကို ယှဉ်ကစားဖို့ဆိုတာက မလွယ်ကူနိုင်ပါဘူး။ တိုက်စစ်ပိုင်း အားကောင်းလို့နေတဲ့ လီဗာပူးလ်အနေနဲ့ ဘရန့်ဖိုဒ့်နဲ့ ပွဲစဉ်ကလိုမျိုး ခံစစ်ပိုင်း ယိုယွင်းမှုတွေတော့ ရှိမနေဖို့ လိုအပ်ပြီး အသေအချာ ကစားမယ်ဆိုရင် ပေါ်တူဂီမြေမှာ အိမ်ရှင်အသင်းကို ၁-၃ လောက်နဲ့ကို အနိုင်ရဖွယ် ရှိနေပါတယ်။

ရီးယဲလ်မက်ဒရစ် နဲ့ ရှာရစ်ဖ် (မနက်၁နာရီခွဲ)

ရှက်တာကို အနိုင်ယူထားခဲ့တဲ့ ရှာရစ်ဖ်အနေနဲ့ ဘာနေဗျူးမှာ အိမ်ရှင်ရီးယဲလ်အသင်းဆီကနေ သရေတစ်မှတ်တောင် ရယူနိုင်ဖို့ မလွယ်ကူနိုင်ပါဘူး။ ရီးယဲလ်က ဗီလာရီးယဲလ်နဲ့ပွဲမှာ သွင်းဂိုးတွေ ရပ်တန့်သွားရတယ်ဆိုပေမယ့် ရှာရစ်ဖ်လို အသင်းမျိုးကိုတော့ အိမ်ကွင်းမှာ ဂိုးများရွာဖို့က သေချာသလောက်ကို ရှိနေပါတယ်။