ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်တွေကို မနေ့ညကပဲ စတင်ကျင်းပခဲ့ပြီး တကယ့်ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ပွဲမှာ အိမ်ရှင်က မက်ဆီရဲ့သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး လီဗာပူးလ်ကတော့ ပေါ်တူဂီမြေမှာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ရီးယဲလ်က အိမ်ကွင်းမှာ အသင်းငယ်လေး ရှာရစ်ဖ်ကို အရေးနိမ့်ခဲ့ရသလို အင်တာကလည်း စိတ်ပျက်စရာ တိုက်စစ်နဲ့ ယူကရိန်းမြေမှာ ဂိုးမရှိ သရေကျခဲ့ရပါတယ်။ ဒီနေ့ညမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲစဉ်တွေ ပါဝင်နေတာဖြစ်လို့ ဒီပွဲတွေအကြောင်းကို သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

ဂျုဗင်တပ်စ် နဲ့ ချယ်လ်ဆီး (မနက်၁နာရီခွဲ)

လက်ရှိ အနေအထားတွေအရ ချယ်လ်ဆီးက အိမ်ရှင်ဂျုဗီထက်ကို တည်ငြိမ်တဲ့ အသင်းတစ်သင်းဖြစ်နေပြီး အသင်းရဲ့ တိုက်စစ်မှာလည်း စီးရီးအေ အသင်းတွေနဲ့ ရင်းနှီးထားပြီးသားဖြစ်တဲ့ လူကာကူလို ကစားသမားမျိုး ရှိနေတာ အားသာချက်ပါပဲ။ နှစ်သင်းလုံးမှာ အဓိက ကစားသမားတချို့ ဒီပွဲကို လွဲချော်ရဖွယ် ရှိနေပေမယ့် ကစားပုံ ကောင်းမွန်နေတဲ့ ချယ်လ်ဆီးကို ပိုသဘောကျမိပါတယ်။ ချယ်လ်ဆီး အနိမ့်ဆုံး သရေတစ်မှတ်တော့ ရယူနိုင်ပါမယ်။

မန်ချက်စတာယူနိုက်တက် နဲ့ ဗီလာရီးယဲလ် (မနက်၁နာရီခွဲ)

ယူနိုက်တက်က ခြေစွမ်းပိုင်းရော ရလဒ်တွေရော အားရစရာ အနေအထားမှာ ရှိိမနေတဲ့အပြင် ဒီပွဲကိုလည်း မက်ဂွိုင်းရားနဲ့ လုခ်ရှောတို့ပါ လွဲချော်ရဖွယ် ရှိနေတာကြောင့် ပိုလို့တောင် အားနည်းသွားနိုင်ပါတယ်။ ဗီလာရီးယဲလ်ကလည်း လာလီဂါမှာ တိုက်စစ်အားကောင်းနေပါတယ်ဆိုတဲ့ ရီးယဲလ်ကို ပိတ်ဆို့ကစားထားနိုင်တာမို့ (၂)ပွဲဆက် သွင်းဂိုးပျောက်ဆုံးထားတဲ့ ယူနိုက်တက်အတွက် စိုးရိမ်စရာ ဖြစ်နေရပါတယ်။ အိုးထရက်ဖိုဒ့်မှာ ယူနိုက်တက်တို့ ရုန်းကန်ရနိုင်ပြီး နိုင်ရင်လည်း ကပ်သာအနိုင်ရဖွယ် ရှိပါတယ်။

ဘင်ဖီကာ နဲ့ ဘာစီလိုနာ (မနက်၁နာရီခွဲ)

ပြီးခဲ့တဲ့ မေလနောက်ပိုင်းကတည်းက တစ်ပွဲမှကို မရှုံးထားသေးတဲ့ ဘင်ဖီကာအသင်းကို ဘာစီလိုနာတို့ အနိုင်ယူဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ပေါ်တူဂီမြေမှာ ကစားရမယ့်ပွဲ ဖြစ်တဲ့အတွက် ဧည့်သည်ဘာစီအတွက် ပိုလို့တောင် ခဲယဉ်းနိုင်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာတို့ ဘိုင်ယန်ကိုလည်း အရေးနိမ့်ထားတာမို့ ဒီပွဲမှာ ထပ်ပြီး အမှတ်လျော့ခံဖို့ မဖြစ်တော့ပါဘူး။ ခက်ခက်ခဲခဲ ရုန်းကန်ပြီးတော့ ဘာစီလိုနာတို့ ကပ်နိုင်သွားလိမ့်မယ်လို့ ထင်မိပါတယ်။