မနေ့ညကမှ ပြန်လည်စတင် ကျင်းပဖြစ်ခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ် အုပ်စုအဆင့် ပထမညပွဲစဉ်များမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက ဆွစ်ကလပ် ယန်းဘွိုင်းစ်ကို အရေးနိမ့်ခဲ့သလို ဘာစီလိုနာအသင်းကလည်း နူးကမ့်မှာ ဘိုင်ယန်ကို ဂိုးပြတ်ခြေပြတ်နဲ့ကို ရှုံးနိ်မ့်ခဲ့ရပါတယ်။ ထိပ်သီး ကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး ဂျုဗင်တပ်စ်တို့က နိုင်ပွဲကိုယ်စီ ရယူနိုင်ခဲ့ပေမယ့် ပွဲစဉ်(၄)ပွဲကတော့ အနိုင်အရှုံးမပေါ်ပဲ သရေပွဲတွေ ဖြစ်ခဲ့ရပါတယ်။ ဒီညမှာလည်း ပရိသတ်အကြိုက် ပွဲစဉ်တွေက ဆက်လက်ရှိနေသေးတာဖြစ်လို့ ဒီပွဲတွေရဲ့အကြောင်း အကြိုရင်ခုန်ကြည့်လိုက်ရအောင်ခင်ဗျာ။

လီဗာပူးလ် နဲ့ အေစီမီလန် (မနက်၁နာရီခွဲ)

မီလန်က ဒီပွဲမှာ ဇလာတန်ကို ဒဏ်ရာပြသာနာကြောင့် အနားပေးရမှာဆိုပေမယ့် ဂျရူးကို ပြန်သုံးလာနိုင်ပါတယ်။ လတ်တလောမှာ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်တဲ့ အသင်း(၂)သင်းရဲ့ တွေ့ဆုံမှုက အတော်လေးကို စိတ်ဝင်စားစရာပါ။ ဒါပေမယ့် အန်ဖီးလ်မှာ ကစားရမှာဖြစ်လို့ မီလန်ခံစစ်က အိမ်ရှင်တိုက်စစ်ကို တောင့်ခံထားဖို့ ခက်ခဲပါလိမ့်မယ်။ အိမ်ရှင်လီဗာပူးလ်ကိုပဲ ပိုသဘောကျမိပါတယ်။

အင်တာမီလန် နဲ့ ရီးယဲလ်မက်ဒရစ် (မနက်၁နာရီခွဲ)

လီဗာပူးလ် မီလန်ပွဲနဲ့ တစ်ချိန်တည်းမှာပဲ နောက်ထပ်ပွဲကောင်းတစ်ပွဲက ရှိလို့နေပါသေးတယ်။ ဒီ(၂)သင်းကတော့ မနှစ်က ချန်ပီယံလိဂ်မှာပါ ထိပ်တိုက်ဆုံထားတဲ့ အသင်းတွေဖြစ်ပြီးတော့ ရီးယဲလ်ကပဲ (၂)ကျော့လုံးကို အနိုင်ယူထားခဲ့ပါတယ်။ လက်ရှိမှာတော့ (၂)သင်းလုံး အားနည်းချက်ကိုယ်စီ ရှိနေကြပါတယ်။ နည်းပြကွန်တီနဲ့ တိုက်စစ်မှူး လူကာကူတို့ မရှိတော့တဲ့ အင်တာက ပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်မှာ ပိုပြီးအလုပ်ဖြစ်တတ်တဲ့ အန်စလော့တီရဲ့ ရီးယဲလ်ကို ပိုကြိုက်မိပါတယ်။

မန်စီးတီး နဲ့ လိုက်ပ်ဇစ် (မနက်၁နာရီခွဲ)

ဒီအသင်း(၂)သင်းက ပီအက်စ်ဂျီနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာမို့ နောက်တစ်ဆင့်တတ်ရေးအတွက် ပွဲတိုင်းကို အမှားခံလို့မရတဲ့ အခြေအနေမျိုးပါ။ ဒါပေမယ့် လိုက်ပ်ဇစ်က နည်းပြရော ထိပ်တန်းကစားသမားတွေရောပါ ဆုံးရှံးထားတဲ့ အသင်းဖြစ်နေလို့ မန်စီးတီးကို ယှဉ်ကစားဖို့က ခဲယဉ်းနိုင်ပါတယ်။ အိမ်ရှင်မန်စီးတီးတို့ပဲ အသာစီး ရယူနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။