ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးအဆင့် ပထမညပွဲစဉ်များကို မနေ့ညကပဲ ကျင်းပစေခဲ့ရာ နာမည်ကျော် ကလပ်အသင်း အေစီမီလန်က အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရပြီး အုပ်စုအဆင့်(၄)နေရာနဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခွာသွားခဲ့ရပါတယ်။ အခု ဒီညမှာလည်း နောက်တစ်ဆင့်တတ်ရေး ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆက်လက်ဆင်နွဲရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရဦးမှာဖြစ်လို့ ဒီပွဲတွေအကြောင်းကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

ဇင်းနစ် နဲ့ ချယ်လ်ဆီး (12:15AM)

ဇင်းနစ်က ချယ်လ်ဆီးကွင်းမှာတောင် တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ရတဲ့ အနေအထားမျိုး ရှိထားခဲ့တာဖြစ်လို့ အခု သူတို့ရဲ့ အိမ်ကွင်းမှာ ချယ်လ်ဆီးကို ပိုအခက်တွေ့အောင် ကစားနိုင်ပါလိမ့်မယ်။ ချယ်လ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ဘက်မှာ ဒီဇင်ဘာပွဲကျပ်ကာလတွေကို တောက်လျှောက်ဖြတ်သန်းရတော့မှာဖြစ်လို့ ကစားအား ချျွေတာလာနိုင်ပါတယ်။ အုပ်စုဗိုလ်နေရာအတွက် ချယ်လ်ဆီးတို့ ဇင်းနစ်ကို အနိုင်ယူဖို့ လိုအပ်နေပေမယ့်လည်း ရုရှားမြေမှာတော့ သရေလောက်နဲ့ပဲ အဆုံးသတ်နိုင်ပါတယ်။

ဂျုဗင်တပ်စ် နဲ့ မာလ်မို (12:15AM)

ချယ်လ်ဆီးသာ ဇင်းနစ်နဲ့ပွဲမှာ ခြေချော်ခဲ့မယ်ဆိုရင် အုပ်စုဗိုလ်နေရာအတွက် ဒီအခွင့်အရေးကို ဂျုဗင်တပ်စ်ဘက်ကနေ အမိအရ ဆုပ်ကိုင်နိုင်ဖို့ လိုပါလိမ့်မယ်။ မာလ်မိုကလည်း ဒီအုပ်စုမှာ အတော်လေးကို အားနည်းနေတဲ့ ကလပ်အသင်းဖြစ်လို့ ဒီနောက်ပိုင်းမှာ နိုင်ပွဲလေးတွေ ပြန်ရယူနိုင်တဲ့ ဂျုဗင်တပ်စ်အတွက် တူရင်မြေမှာ ဂိုးပြတ်ခြေပြတ်နဲ့ပါ အနိုင်ယူဖွယ် ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ် နဲ့ ဘာစီလိုနာ (2:30AM)

နောက်တစ်ဆင့်ကို တတ်လှမ်းထားပြီးသားဖြစ်တဲ့ ဘိုင်ယန်အနေနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့ နိုင်ပွဲမဖြစ်မနေ ရယူဖို့ လိုအပ်နေသေးတဲ့ ဘာစီလိုနာကို ဘယ်လိုတု့ံပြန် ကစားသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဘိုင်ယန်အနေနဲ့ ဘာစီလိုနာကို နောက်ဆုံး(၃)ကြိမ်ဆက်တိုက် အနိုင်ယူထားတာဖြစ်သလို ဘာစီလိုနာကလည်း နည်းပြဇာဗီလက်ထက်မှာ တိုးတတ်မှု အနည်းငယ်သာ ဖြစ်လာပြီး သိပ်မသိသာသေးတဲ့ အခြေအနေကြောင့် ဘိုင်ယန်ဆီကနေ (၃)မှတ် ရယူဖို့က ခက်ခဲနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက် နဲ့ ယန်းဘွိုင်းစ် (2:30AM)

ရန်းနစ်ရဲ့ ဒုတိယမြောက်ပွဲက ရလဒ်ပိုင်း လိုအပ်ချက် မရှိတော့တဲ့ ပွဲစဉ်ဖြစ်နေတာကြောင့် ကစားသမား အပြောင်းအလဲများစွာနဲ့ ပွဲထွက်လာနိုင်ခြေ ရှိသလို အသင်းရဲ့ အဓိက ကစားသမားတချို့ကိုလည်း အနားပေးလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဆွစ်မြေမှာ အရှုံးပေးထားခဲ့ရတဲ့ ယန်းဘွိုင်းစ်ကို အိုးထရက်ဖိုဒ့်မှာ ပြန်လည်ကလဲ့စားချေနိုင်ပါလိမ့်မယ်။ ယူနိုက်တက်တို့ အနိုင်သေချာပါတယ်။

အတ္တလန်တာ နဲ့ ဗီလာရီးယဲလ် (2:30AM)

အီတလီမှာ ယှဉ်ပြိုင်ရမယ့် ဒီပွဲမှာ အိမ်ရှင်အတ္တလန်တာသာ အနိုင်ရခဲ့မယ်ဆိုရင် အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းခွင့်ရမှာပါ။ သရေတစ်မှတ်သာ လိုအပ်နေတဲ့ ဗီလာရီးယဲလ်က အဝေးကွင်းရလဒ်တွေ ကောင်းမွန်ခြင်း သိပ်မရှိတဲ့အတွက် အတ္တလန်တာဆီကနေ အမှတ်ခွဲယူနိုင်ဖို့က ခက်ခဲနိုင်ပါတယ်။ အတော်လေးကို အကြိတ်အနယ် ရှိနေနိုင်မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပြီး ယူနိုက်တက်ကိုပါ အိမ်ကွင်းမှာပါ အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ဖူးတဲ့ အတ္တလန်တာကိုပဲ ပိုသဘောကျမိပါတယ်။