ချန်ပီယံလိဂ်ပြိုင်ပွဲ ကျင်းပမယ့်ရက်တွေ ပြီးဆုံးသွားပြီးနောက် ဒီနေ့ကြာသပတေးနေ့ည (သောကြာနေ့မနက်အစောပိုင်း)မှာတော့ ဘောလုံးဝါသနာရှင်တွေကို စိတ်လှုပ်ရှားမှုတစ်မျိုး ထပ်မံပေးစွမ်းနိုင်ဦးမယ့် ယူရိုပါလိဂ်ပြိုင်ပွဲရဲ့(၃၂)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်များပြိုင်ပွဲတွေကို ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ အာဆင်နယ် အင်တာမီလန် ရိုးမား ဖရန့်ဖတ်တို့လို အသင်းကြီးတွေက နိုင်ပွဲတွေကိုယ်စီရရှိခဲ့ပြီး နောက်တစ်ဆင့်တတ်ဖို့ အခြေအနေကောင်းခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် ဆီဗီလာ ဆဲလ်တစ် ပေါ်တိုတို့လို အသင်းတွေကတော့ အဖြေသေချာမထွက်သေးတဲဲ့အတွက် ဒီနေ့မှာပဲ နောက်တစ်ဆင့်တတ်ရေးအတွက် အဖြေရှာရတော့မှာပဲဖြစ်ပါတယ်။

Photo Credit : Getty Images

မန်ချက်စတာယူနိုက်တက် နဲ့ ကလပ်ဘရုဂျ် (မနက်၂နာရီခွဲ)
ပထမအကျော့ ဘယ်ဂျီယံမြေမှာ ကစားခဲ့တုန်းက အဝေးဂိုးတစ်ဂိုး ရယူခဲ့ပြီး မရှံးအောင်ကစားနိုင်ခဲ့တာက ယူနိုက်တက်အတွက် အားသာချက်ဖြစ်သွားခဲ့သလို ကလပ်ဘရုဂျ်ဘက်မှာလည်း အဓိကတိုက်စစ်မှူးဒင်းနစ် ပါဝင်ကစားဖို့ မသေချာနေတာကြောင့် ယူနိုက်တက်တို့ ဒီပွဲအတွင်း အနိုင်ရဖို့ သေချာနေပါတယ်။ ဒါပေမယ့်လည်း အဝေးကွင်း ၁၁ပွဲဆက် မရှံးသေးတဲ့ ကလပ်ဘရုဂျ်ရဲ့စွမ်းဆောင်ရည်ကိုလည်း မပေ့ါဆသင့်ပါဘူး။ ယူနိုက်တက်တို့ နိုင်ရုံပဲနိုင်ပါလိမ့်မယ်။ ဂိုးမပြတ်နိုင်ပါဘူး။

Photo Credit : Getty Images

အာဆင်နယ် နဲ့ အိုလံပီယာကော့စ် (မနက်၂နာရီခွဲ)
အာဆင်နယ်ကတော့ ဂရိမြေမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း နိုင်ပွဲရအောင် ယူနိုင်ခဲ့တာက ဒီပွဲအတွက် ဖိအားအနည်းငယ်လျော့သွားတယ်ဆိုပေမယ့်လည်း နောက်တစ်ဆင့်တတ်ဖို့ သေချာလာအောင်တော့ ကြိုးစားရပါဦးမယ်။ အာဆင်နယ်က ဒီနှစ် ၂၀၂၀ခုနှစ်ထဲမှာလည်း ရှံးပွဲမရှိထားသေးတဲ့ အသင်းဖြစ်နေတဲ့အပြင် ဟန်ချက်လည်းညီနေတဲ့အတွက် ဒီပွဲလည်း ရလဒ်ကောင်းဦးမှာပါ။ ဒါပေမယ့် ခံစစ်ပိုင်း စိတ်မချရသေးလို့ သွင်းဂိုးလည်း ပြန်လည်ခွင့်ပြုရနိုင်ပြီး ဂိုးပေါ်နိုင်ပါတယ်။

Photo Credit : Getty Images

အင်တာမီလန် နဲ့ လူဒိုဂိုရတ်စ် (မနက်၂နာရီခွဲ)
ဘူဂေးရီးယားမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲအတွင်း အင်တာတို့ ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့လို့ အင်တာတို့ နောက်တစ်ဆင့်တတ်ရေးအတွက် ပူပင်စရာမလိုတော့ပါဘူး။ လက်ရှိ အီတလီမှာကလည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတာကြောင့် ဒီပွဲကိုတောင် ပရိသတ်အားပေးမှု အနည်းအကျဉ်းလောက်ပဲ လာရောက်အားပေးမှာဖြစ်သလို အင်တာကလည်း ဒီပွဲပြီးရင် စီးရီးအေမှာ ဂျုဗင်တပ်စ်နဲ့ ကစားရဦးမှာဖြစ်လို့ သွင်းဂိုးအနည်းငယ်နဲ့ပဲ အဆုံးသတ်သွားနိုင်တာကြောင့် ဧည့်သည်အသင်းနဲ့ပဲ စွန့်စားချင်ပါတယ်။

Photo Credit : Getty Images

ဆီဗီလာ နဲ့ ကလုချ် (မနက်၂နာရီခွဲ)
ဆီဗီလာကလည်း ပထမအကျော့မှာကတည်းက တစ်ခါတည်း ရလဒ်ကို ပြတ်သားအောင် လုပ်နိုင်သင့်ပေမယ့် ၁ဂိုးစီသရေပဲရအောင် ကစားနိုင်ခဲ့တာကြောင့် အခု အိမ်ကွင်းမှာကစားရမယ့် ပွဲစဉ်အတွင်းတော့ မဖြစ်မနေ အနိုင်ရအောင် ကစားသင့်ပါပြီ။ ဆီဗီလာကလည်း အိမ်ကွင်းကစားပုံ မဆိုးလှတဲ့အသင်းဖြစ်နေတာကြောင့် အဝးကွင်းမှာ ခြေမမှန်တဲ့ ရိုမေးနီးယားကလပ် ကလုချ်ကို အနိုင်ကစားနိုင်မှာ သေချာပါတယ်။

Photo Credit : Getty Images

ဆာလ်ဇ်ဘာ့ဂ် နဲ့ ဖရန့်ဖတ် (မနက်၂နာရီခွဲ)
ဖရန့်ဖတ်ကတော့ ချန်ပီယံလိဂ်ကနေ နန်းကျလာခဲ့တဲ့ ဆာလ်ဇ်ဘာ့ဂ်ကို ပထမအကျော့မှာပဲ ၄ဂိုး၁ဂိုးနဲ့ အပြတ်အသတ်နဲ့ အနိုင်ယူထားခဲ့လို့ ဆာလ်ဇ်ဘာ့ဂ်တို့အတွက် အခု ဒုတိယအကျော့ပွဲမှာ ဂိုးပြတ်နိုင်ပွဲ ပြန်ရှာရတော့မှာဖြစ်ပါတယ်။ ဟာလန်း မီနာမီနိုတို့ကို လက်လွတ်ခဲ့ထားရတယ်ဆိုပေမယ့် အိမ်ကွင်းမှာကတော့ ကစားအားကောင်းနေတုန်းပါပဲ။ ဖရန့်ဖတ်ဘက်ကနေ ပထမအကျော့ရလဒ်ကြောင့် ထိန်းကစားသွားမှာဖြစ်လို့ သြစတြီးယားမြေမှာ ဆာလ်ဇ်ဘာ့ဂ်ပဲ နိုင်ပါလိမ့်မယ်။ ဂိုးကတော့ သူတို့လိုသလောက် မပြတ်နိုင်ပါဘူး။