ချန်ပီယံလိဂ်ပြိုင်ပွဲ ကျင်းပမယ့်ရက်တွေ ပြီးဆုံးသွားပြီးနောက် ဒီနေ့ကြာသပတေးနေ့ည (သောကြာနေ့မနက်အစောပိုင်း)မှာတော့ ဘောလုံးဝါသနာရှင်တွေကို စိတ်လှုပ်ရှားမှုတစ်မျိုး ထပ်မံပေးစွမ်းနိုင်ဦးမယ့် ယူရိုပါလိဂ်ပြိုင်ပွဲရဲ့(၃၂)သင်းအဆင့် ပြိုင်ပွဲတွေကို ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ (၃၂)သင်းအဆင့်ဖြစ်လို့ ယူရိုပါလိဂ်အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တတ်လာကြတဲ့ အသင်းတွေအပြင် ချန်ပီယံလိဂ်ကနေပါ ပြုတ်လာခဲ့တဲ့ အသင်းတွေလည်း ပါဝင်လာမှာဖြစ်လို့ အရမ်းကို စိတ်ဝင်စားစရာကောင်းမှာပါ။ ပွဲတွေကတော့ အရမ်းများတဲ့အတွက် ပရိသတ်စိတ်ဝင်စားလောက်မယ့် ပွဲတွေကိုပဲ ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

ကလပ်ဘရုဂေး နဲ့ ယူနိုက်တက် (ည၁၂နာရီခွဲ)
ကလပ်ဘရုဂေးက ချန်ပီယံလိဂ်ကနေ ပြုတ်ကျလာတဲ့ အသင်းဖြစ်တယ်ဆိုပေမယ့် ပီအက်စ်ဂျီ ရီးရဲလ်မက်ဒရစ်တို့နဲ့ တစ်အုပ်စုတည်းကျခဲ့လို့သာ ကံဆိုးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအသင်းက ဘယ်ဂျီယံလိဂ်မှာလည်း ထိပ်ဆုံးနေရာကို ရယူထားလို့ လျှော့တွက်လို့တော့ မရပါဘူး။ ယူနိုက်တက်တို့ အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားရနိုင်ပါတယ်။ ယူနိုက်တက်ရဲ့ ဒီရာသီ အဝေးကွင်းစွမ်းရည် သိပ်မစွံတာကြောင့် ဒီပထမအကျော့မှာတော့ သရေလောက်ပဲ မျှော်မှန်းနိုင်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်တို့ မရှံးနိုင်လောက်ပါဘူး။

အိုလံပီယာကော့စ် နဲ့ အာဆင်နယ် (မနက်၂နာရီခွဲ)
အာဆင်နယ်ကလည်း ယူနိုက်တက်လိုပဲ ချန်ပီယံလိဂ်ကနေ နတ်သက်ကြွေလာတဲဲ့ ဂရိကလပ် အိုလံပီယာကော့စ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဒီအသင်းလလည်း တကယ်ဆို ခြေစွမ်းမာကြောတဲ့အသင်းဖြစ်ပြီး ဘိုင်ယန် စပါးတို့နဲဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့လို့သာ ချန်ပီယံလိဂ်မှာ အုပ်စုကနေ မလွတ်မြောက်ခဲဲ့ရတာဖြစ်ပါတယ်။ ဂရိမြေမှာတော့ အာဆင်နယ်အတွက် ခက်ခဲနိုင်ပါတယ်။ ယူနိုက်တက်နဲ့ အလားတူပဲ အဝေးကွင်းစွမ်းရည် အားနည်းနေတဲ့ အာဆင်နယ်ကို အိုလံပီယာကော့စ်တို့ ကပ်ပါနိုင်သွားဖွယ်ရှိပါတယ်။

ဝုလ်ဗ် နဲ့ အက်စပန်ညို (မနက်၂နာရီခွဲ)
နှစ်သင်းလုံးက နောက်ဆုံးကစားခဲ့တဲ့ ၅ပွဲအတွင်းမှာ ၁ပွဲပဲနိုင်ထားတာခြင်း တူညီနေကြတယ်ဆိုပေမယ့် ကစားအားချင်းယှဉ်ရင်တော့ အိမ်ရှင်ကသာနေပြီး ဥရောပအတွေ့အကြုံမှာတော့ အက်စပန်ညိုက သာပါတယ်။ အိမ်ကွင်းနောက်ဆုံး၄ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ဝုလ်ဗ်တို့ ဒီပွဲပြီးတာနဲ့ ပရီးမီးယားလိဂ်မှာ နော်ဝစ်ချ်နဲ့ အိမ်ကွင်းမှာပဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီပွဲကို အာရုံစိုက်လာမှာပါ။ စပိန်မြေမှာ ကစားရမယ့် ဒုတိယအကျော့မှာ ခက်ခဲနိုင်တာကြောင့် အိမ်ကွင်းမှာပဲ ရလဒ်ပြတ်သားအောင် ဝုလ်ဗ်တို့ လုပ်ဆောင်ထားပါလိမ့်မယ်။

လူဒိုဂိုရက်ဇ် နဲ့ အင်တာမီလန် (ည၁၂နာရီခွဲ)
ဘူဂေးရီးယားကလပ် လူဒိုဂိုရက်ဇ်က သူတို့လိဂ်မှာတော့ ပြိုင်စံရှားဖြစ်နေပေမယ့် အင်တာနဲ့ယှဉ်မယ်ဆိုရင် ဘောလုံးအဆင့်အတန်းခြင်း ကွာခြားနေသလို အင်တာကလည်း သူတို့အတွက် အာရုံစိုက်ရမယ့် ပြိုင်ပွဲလမ်းကြောင်းတွေ များနေတယ်ဆိုပေမယ့် ဘယ်အရာကမှ သေသေချာချာ မရှိသေးတဲဲ့အပြင် ချန်ပီယံလိဂ်ကနေလည်း ထွက်ခွာထားရတာကြောင့် ယူရိုပါလိဂ်ကိုလည်း ပစ်မှတ်ထားလာနိုင်ပါတယ််။ အဝေးကွင်းဆိုပေမယ့် အင်တာပဲ နိုင်ပါမယ်။ ဂိုးတော့ပြတ်ဖို့ ခက်ပါလိမ့်မယ်။

ဂီတာဖေး နဲ့ အေဂျက်စ် (ည၁၂နာရီခွဲ)
မနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ထိ ရောက်ရှိခဲ့သလို ဒီနှစ်အစမှာလည်း အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ အေဂျက်စ်ရဲဲ့ကျဆင်းသွားမှုက အံ့အားသင့်စရာကောင်းပါတယ်။ အခု သူတို့ရင်ဆိုင်တွေ့ရမယ့် ဂီတာဖေးအသင်းကလည်း စပိန်လာလီဂါမှာ ခြေစွာလျက်ရှိနေတဲ့ အသင်းတစ်သင်းဖြစ်တဲ့အပြင် နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း၅ပွဲမှာ ရီးရဲလ်တစ်သင်းတည်းကိုသာ အရေးနိမ့်ထားခဲ့ပြီး ပွဲတိုင်းအနိုင်ယူထားပါတယ်။ ကစားသမားပိုင်းနဲ့ အတွေ့အကြံုပိုင်းမှာ အေဂျက်စ်က ပိုသာနေပေမယ့် စပိန်မြေမှာတော့ အေဂျက်စ်အတွက် သရေက အမြင့်ဆုံးမျှော်လင့်ချက်သာ ဖြစ်နိုင်ပါတယ်။