ယူရိုပါလိဂ်ပြိုင်ပွဲကတော့ မနေ့ညကပဲ ကွာတားဖိုင်နယ် ပထမညကို ကျင်းပခဲ့ပြီးပြီဖြစ်ပြီး ဗိုလ်စွဲဖို့ရေပန်းစားနေကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်တာမီလန်အသင်းတို့ကပဲ နောက်တစ်ဆင့်ဖြစ်တဲ့ ဆီမီးဖိုင်နယ်အဆင့်တွေကို အသီးသီးတတ်လှမ်းသွားခဲ့ကြပါတယ်။ ဒီနေ့ညမှာလည်း လက်ကျန်ကွာတားဖိုင်နယ်(၂)ပွဲကို ဆက်လက်ကစားသွားမှာဖြစ်ပြီး ဘယ်အသင်းတွေ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကို အဖြေရှာသွားရတော့မှာဖြစ်ပါတယ်။

ရှက်တာဒိုးနက် နဲ့ ဘေဆယ် (မနက်၁နာရီခွဲ)

Photo Credit : Youtube

ချန်ပီယံလိဂ်ကနေ ပြုတ်ကျလာခဲ့တဲ့ ရှက်တာဒိုးနက်ကတော့ ဘင်ဖီကာ ဝုလ်ဖ်ဘတ်တို့လို အသင်းတွေကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် ရောက်ရှိလာတာဖြစ်သလို ဘေဆယ်ကလည်း ဆွတ်ဇာလန်လိဂ်မှာ အခြေအနေသိပ်မဟန်ပေမယ့် ယူရိုပါလိဂ်မှာတော့ အလုပ်ဖြစ်လို့နေပါတယ်။ လက်ရှိအနေအထားတွေအရဆိုရင်တော့ ဘေဆယ်ထက် ရှက်တာဒိုးနက်အသင်းက အနည်းငယ်သာလွန်နေတယ်လို့ ဆိုနိုင်ပေမယ့် ကြားကွင်းမှာ တစ်ကျော့တည်းကစားရပြီး အဆုံးအဖြတ် ခံယူရမယ့်ပွဲဖြစ်လို့ ဘယ်အသင်းနောက်တစ်ဆင့်တတ်မလဲဆိုတာ မှန်းရခက်နိုင်ပါတယ်။ (၂)သင်းလုံးက နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ ရှံးပွဲမရှိထားခဲ့ပဲ ပုံစံကောင်းတွေ ပြသနေလို့ အကြိတ်အနယ်ရှိမှာ သေချာနေပြီး ယူကရိန်းကလပ် ရှက်တာတို့ပဲ ဆီမီးတတ်သွားလိမ့်မယ်လို့ ထင်မိပါတယ်။

ဆီဗီလာ နဲ့ ဝုလ်ဗ် (မနက်၁နာရီခွဲ)

Photo Credit : Youtube

ယူရိုပါလိဂ်မှာ အောင်မြင်မှုတွေ ရယူထားတဲ့အသင်းနဲ့ ဥရောပပြိုင်ပွဲတွေနဲ့ အစိမ်းသက်သက်ဖြစ်နေသေးတဲ့ အသင်းနှစ်သင်းတွေ့ဆုံမှုက စိတ်ဝင်စားစရာပါ။ ဥရောပအတွေ့အကြုံက အသင်းနှစ်သင်းကြားမှာ ကွာဟချက်ကြီးမားနေတယ်ဆိုပေမယ့် ကစားသမားအင်အားပိုင်းချင်းဆိုရင်တော့ ကွာခြားချက် အရမ်းရှိမနေပါဘူး။ ဒါပေမယ့် ဆီဗီလာအသင်းကတော့ ရိုးမားအသင်းကို အကောင်းဆုံးပုံစံနဲ့ ကျော်ဖြတ်လာခဲ့တာဖြစ်ပြီး နောက်ထပ်ယူရိုပါလိဂ်ဖလားတစ်လုံးကို ထပ်မံရယူနိုင်မယ့် အနေအထားကို ပြသထားနိုင်ခဲ့ပါတယ်။ ဝုလ်ဗ်ကလည်း လုံးဝကို လျှော့တွက်မရတဲ့အသင်းဖြစ်လို့ ဒီနှစ်သင်းရဲ့အားပြိုင်မှုက မိနစ်ကိုးဆယ်အတွင်းမှာ အနိုင်အရှံးပေါ်ဖို့ ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဥရောပပြိုင်ပွဲတွေနဲ့ အသားကျပြီးသား ဆီဗီလာကပဲ ဝုလ်ဗ်ကို အနိုင်ယူသွားလိမ့်မယ်လို့ ယူဆမိပါတယ်။