ဒီတစ်ပတ်ရဲ့တနင်္ဂနွေနေ့မှာ တစ်ရက်အနားပေးပြီးတဲ့နောက် ဥရောပဘောလုံးပြိုင်ပွဲတွေကို ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဂျာမနီနိုင်ငံအတွင်း ကျင်းပသွားမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်(၄)ပွဲထဲက ပွဲစဉ်(၂)ပွဲကို မနက်အစောပိုင်း (၁)နာရီခွဲအချိန်တွေမှာ တပြိုင်နက်တည်း ကျင်းပသွားမှာဖြစ်တာကြောင့် ဒီပွဲတွေရဲ့ဖြစ်လာနိုင်ခြေအကြောင်းတွေကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်။

မန်ချက်စတာယူနိုက်တက် နဲ့ ကိုပင်ဟေဂင်

ဒီနောက်ပိုင်း ဥရောပပြိုင်ပွဲတွေမှာ ဆုံတွေ့ခြင်းသိပ်မရှိတော့တဲ့ ယူနိုက်တက်နဲ့ ဒိန်းမတ်ထိပ်သီးကလပ် ကိုပင်ဟေဂင်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုက စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ LASK နဲ့ပွဲမှာ အနားပေးခဲ့တဲ့ အသင်းရဲ့အဓိက ကစားသမားတွေကိုတော့ ယူနိုက်တက်အနေနဲ့ ဒီနေ့ပွဲမှာ ထုတ်သုံးလာတော့မှာဖြစ်ပေမယ့် ပြိုင်ဘက်ကိုတော့ လျှော့တွက်လို့တော့ မဖြစ်ပါဘူး။ ဒါပေမယ့် တစ်ခုရှိတာက ကိုပင်ဟေဂင်ရဲ့အဝေးကွင်းရလဒ်တွေ ကောင်းမွန်ထားခြင်းမရှိတာရယ် ဒီပွဲကလည်း ဂျာမနီနိုင်ငံ ကိုလုံးမြို့မှာ ကျင်းပမှာဖြစ်တာရယ်ကြောင့် ကစားသမားအင်အားပိုင်းမှာလည်း အားသာနေတဲ့ ယူနိုက်တက်ကပဲ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားဖွယ် ရှိနေပါတယ်။

အင်တာမီလန် နဲ့ လေဗာကူဆင်

 

ဒီပွဲကတော့ ဒီညအတွက် အကောင်းဆုံးပွဲပါ။ ဒီအဆင့်ကို ကျော်ဖြတ်နိုင်လိုက်မယ့်အသင်းက ဖိုင်နယ်အထိ ရောက်သွားဖို့ပါ ရှိနေနိုင်တဲ့အတွက် ဘယ်အသင်း ရလဒ်ကောင်းသွားမလဲဆိုတာ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကစားသမားပိုင်းနဲ့ ကစားအားအရတော့ အင်တာက လေဗာကူဆင်ထက် သာနေတယ်ဆိုပေမယ့် ဒီပွဲကို လေဗာကူဆင်အသင်း တည်ရှိရာ ဂျာမနီနိုင်ငံမှာ ကစားရမှာဖြစ်လို့ ကစားသမားတွေရဲ့ပွဲပန်းမှုအပိုင်းမှာတော့ လေဗာကူဆင်က အနည်းငယ်အားသာနေရမှာပါ။ အင်တာက ဂီတာဖေးကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ ကစားပုံလိုအပ်ချက်တွေ ရှိခဲ့တယ်ဆိုပေမယ့်လည်း သူတို့အသင်းမှာ ပွဲအဖြေကို အလှည့်အပြောင်းလုပ်နိုင်တဲ့ ကစားသမားတွေကို ပိုမိုပိုင်ဆိုင်ထားတာဖြစ်လို့ အင်တာပဲ ကပ်နိုင်ပြီး ဆီမီးဖိုင်နယ်ကို ရောက်ရှိနိုင်ပါတယ်။ အမှားနည်းအောင် သတိထားကစားကြမယ့်ပွဲဖြစ်လို့ ဂိုးလည်းနည်းနိုင်ပါတယ်။