ယူရို-၂၀၂ဝပြိုင်ပွဲကြီးကို ဇွန်လ(၁၁)ရက်နေ့ကနေ စတင်ပြီး ကျင်းပလာခဲ့ရာ အခုဆိုရင် ကွာတားဖိုင်နယ်အဆင့်ထိကို ရောက်ရှိလာခဲ့ရပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ပြင်သစ် ပေါ်တူဂီ ဂျာမနီ နယ်သာလန်အသင်းတွေဟာ (၁၆)သင်းအဆင့်နဲ့ပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ပရိသတ်တွေ မထင်ထားမှတ်တဲ့ ချက် ဒိန်းမတ် ဆွတ်ဇာလန်နဲ့ ယူကရိန်းအသင်းတွေက ကွာတားအထိကို တတ်လာနိုင်ခဲ့ရပါတယ်။ ဒါကြောင့် မထင်မှတ်တာတွေ ဖြစ်ပေါ်နေရတဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေထဲကမှ ဒီနေ့ညမှာ ယှဉ်ပြိုင်သွားမယ့် ပွဲစဉ်များအကြောင်းကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်။

ဆွတ်ဇာလန် နဲ့ စပိန် (10:30PM)

ဆွတ်ဇာလန်ကတော့ ကမ္ဘာ့ချန်ပီယံပြင်သစ်ကို အကောင်းဆုံး ကျော်ဖြတ်လာခဲ့ပြီး ယူရိုပြိုင်ပွဲရဲ့ ကွာတားအဆင့်ကို ပထမဆုံးအကြိမ်အဖြစ်နဲ့ တတ်လှမ်းလာခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ကွင်းလယ်လူချာကာ အဝါကတ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို လွဲချော်မှာဖြစ်လို့ ဒါက ဆွတ်ဇာလန်အတွက် အားနည်းချက် ဖြစ်သွားနိုင်ပါတယ်။ စပိန်ကတော့ ခြေစွမ်းပိုင်း သိပ်အားရစရာ မရှိသေးဘူးဆိုပေမယ့် တိုက်စစ်ကတော့ နောက်ဆုံး(၂)ပွဲမှာ (၁၀)ဂိုးအထိကို ဂိုးမြူးထားခဲ့ပါတယ်။ ကွာတားဖိုင်နယ်လို အရေးကြီးတဲ့ အဆင့်မျိုးကို ရောက်ရှိနေချိန်မှာ ခရိုအေးရှားနဲ့ပွဲကလို ခံစစ်ပိုင်း အမှားအယွင်းမျိုးတွေကို ထပ်မကျူးလွန်မိအောင်လည်း ပြင်ဆင်လာနိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဆွတ်ဇာလန်က စပိန်ရင်ဆိုင်ခဲ့ရတဲ့ ဆလိုဗက်ကီးယား ခရိုအေးရှားအသင်းတွေရဲ့ နောက်တန်းတွေနဲ့ ခြားနားမှုရှိတာကြောင့် စပိန်တို့ ကျဉ်းမြောင်းတဲ့ ရလဒ်တစ်ခုနဲ့ပဲ အနိုင်ရသွားမယ်လို့ ထင်မိပါတယ်။

ဘယ်ဂျီယံ နဲ့ အီတလီ (1:30AM)

ဒီပွဲကတော့ ကွာတားဖိုင်နယ်ပွဲအားလုံးအနက် အကောင်းဆုံးသော ပွဲစဉ်တစ်ပွဲပါ။ လက်ရှိ ယူရိုချန်ပီယံ ပေါ်တူဂီကို ဖြုတ်ချလာခဲ့တဲ့ ကမ္ဘာ့အဆင့်(၁) ဘယ်ဂျီယံအသင်းဟာ လက်ရှိမှာတော့ မာကျောမှုနဲ့ စုစည်းမှုအားကောင်းလှတဲ့ အသင်းတစ်သင်းဖြစ်ပြီး နေရာစုံမှာလည်း ကမ္ဘာ့အဆင့် ကစားသမားတွေ များစွာပါဝင်နေပါတယ်။ ဒါပေမယ့် ဒီဘရိုင်းနားနဲ့ အီဒင်ဟာဇက်တို့ ဒီပွဲကို ပါဝင်နိုင်ဖို့ မသေချာသေးတာက ဘယ်ဂျီယံအတွက် ပြသာနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ဒီကစားသမား(၂)ယောက်လုံး မပါဝင်နိုင်ခဲ့ဘူးဆိုရင် အီတလီအတွက် အားသာချက် ဖြစ်သွားနိုင်ပါတယ်။ ဘယ်ဂျီယံတိုက်စစ်မှာလည်း လူကာကူနဲ့ မာတင်စ်တို့လို တိုက်စစ်မှူးတွေက စီးရီးအေမှာ ယှဉ်ပြိုင်နေတဲ့ ကစားသမားတွေဖြစ်တဲ့ အီတလီခံစစ်အထာကို ပိုနားလည်နေနိုင်ပါတယ်။ (၂)သင်းလုံးက စုစည်းမှုအားကောင်းတဲ့ အသင်းတွေဖြစ်ပေမယ့် ဘယ်ဂျီယံပဲ ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားမယ်လို့ ထင်မိပါတယ်။