ယူရို-၂၀၂၀ ကွာတားဖိုင်နယ် ပထမညပွဲစဉ်တွေကိုတော့ မနေ့ကပဲ ကျင်းပခဲ့ပြီးပါပြီ။ နာမည်ကြီး ဘယ်ဂျီယံအသင်းကို အီတလီက ကျော်ဖြတ်သွားခဲ့သလို စပိန်ကလည်း ဆွစ်ဇာလန်အသင်းကို ပင်နယ်တီမှာ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပါတယ်။ ဒါကြောင့် စပိန်နဲ့အီတလီတို့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရတော့မှာဖြစ်ပြီး နောက်ထပ် ဆီမီးဖိုင်နယ် လက်ကျန်(၂)နေရာစာအတွက်ကိုတော့ ဒီညမှာ ကစားသွားရမယ့် ပွဲစဉ်(၂)ပွဲကနေ အဖြေရှာသွားရတော့မှာဖြစ်ပါတယ်။

ချက် နဲ့ ဒိန်းမတ် (ည၁ဝနာရီခွဲ)

Photo Credit : The Sun

နယ်သာလန်ကို ကျော်ဖြတ်လာခဲ့တဲ့ ချက်အသင်းနဲ့ ဝေးလ်စ်ကို ဂိုးပြတ်အနိုင်ယူပြီး ကွာတားကို ရောက်ရှိလာတဲ့ ဒိန်းမတ်တို့ ရင်ဆိုင်တွေ့ဆုံမှုက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒိန်းမတ်မှာ အဲရစ်ဆင် ပေါလ်ဆန်တို့လို အဓိက ကစားသမားတွေ မပါဝင်နိုင်ပေမယ့် ဒိုးလ်ဘတ်ခြေစွမ်းပြနေသလို နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်(၂)ပွဲမှာ သွင်းဂိုး(၈)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ပက်သရစ်ရှစ်ခ်ရဲ့ သွင်းဂိုးတွေနဲ့ မာမာထန်ထန် ကစားနိုင်တဲ့ ချက်အသင်းကတော့ Physical Game မှာ ပိုကောင်းမွန်အောင် ကစားထားနိုင်ခဲ့ပြီး ခံစစ်ပိုင်းလည်း ကျစ်လစ်မှု ရှိပါတယ်။ ခြေရည်ညီတဲ့ အသင်းတွေဖြစ်ပေမယ့် ဒီနောက်ပိုင်းမှာ စိတ်ဓါတ်ပိုင်း ပိုအားသာလို့နေတဲ့ ဒိန်းမတ်ပဲ ရလဒ်ကောင်းသွားမယ်လို့ ယူဆမိပါတယ်။

အင်္ဂလန် နဲ့ ယူကရိန်း (မနက်၁နာရီခွဲ)

Photo Credit : The Guardian

ယူရိုပြိုင်ပွဲမှာ တစ်ကြိမ်မှ ဗိုလ်မစွဲဖူးသေးတဲ့ အင်္ဂလန်အသင်းက ဒီတစ်ကြိမ် ယူရိုပြိုင်ပွဲမှာလည်း အသင်းရဲ့ ခြေစွမ်းပိုင်း အားရစရာ မကောင်းသေးပေမယ့်လည်း ဂျာမနီအသင်းကို (၁၆)သင်းအဆင့်ကနေ ကျော်ဖြတ်နိုင်ခဲ့တာကတော့ အသင်းအတွက် ယုံကြည်မှုတွေကို ပိုတိုးမြှင့်သွားစေနိုင်ပါတယ်။ ယူကရိန်းကတော့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း ကံတရားဖေးမမှု အကောင်းဆုံးအသင်းဖြစ်နေတာမို့ ဒါကို အင်္ဂလန်တို့ သတိထားဖို့ လိုပါလိမ့်မယ်။ ဒါပေမယ့် မာကျောမှုရှိလှပါတယ်ဆိုတဲ့ ယူကရိန်းခံစစ်က လျင်မြန်တဲ့ အင်္ဂလန်တိုက်စစ်ကို ထိန်းချုပ်ဖို့ မလွယ်နိုင်ပါဘူး။ ပေးဂိုးလုံးဝမရှိသေးတဲ့ အင်္ဂလန်ခံစစ်ကိုလည်း ယာမိုလန်ကို ဦးဆောင်လာမယ့် ယူကရိန်းတိုက်စစ်က ထိုးဖောက်ဖို့ မလွယ်နိုင်ဘူး။ အင်္ဂလန်တို့ ဆီမီးဖိုင်နယ်ကို တတ်လှမ်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဂိုးစောစောစီးစီး သွင်းယူထားနိုင်ရင် ရလဒ်ကို ထိန်းကစားနိုင်ဖွယ်ရှိလို့ ဂိုးမပြတ်နိုင်လောက်ဘူးလို့ ယူဆမိပါတယ်ခင်ဗျာ။