လတ်တလော ကမ္ဘာတလွှားမှာ ပျံနှံကူးစက်လျက်ရှိနေတဲဲ့ COVID-19 ခေါ် ကိုရိုနာအဆုတ်ရောင် ကူးစက်ဗိုင်းရပ်စ်ပိုးကြောင့် အခုဆိုရင် ဘောလုံးပြိုင်ပွဲတွေပါ ယာယီရပ်နားထားခဲ့ရပြီး ဒီထက်မက အခြေအနေတွေပိုဆိုးလာခဲ့မယ်ဆိုရင် လက်ရှိကျင်းပပြုလျက်ရှိနေတဲ့ ပွဲတွေအားလုံးကို အဆုံးသတ်လိုက်မှာဖြစ်သလို သိပ်မကြာခင်မှာ ကျင်းပပြုလုပ်သွားတော့မယ့် ၂၀၂၀ ယူရိုဖလားပြိုင်ပွဲနဲ့ ဒုတိယကြိမ်မြောက် ယူအီးအက်အေနေရှင်းစ်လိဂ်ပြိုင်ပွဲတွေကို တစ်နှစ်နောက်ဆုတ်ပြီး ၂၀၂၁ခုနှစ်မှသာ ကျင်းပနိုင်တော့မှာဖြစ်တယ်လို့ ယူအီးအက်အေဘက်ကနေ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်အေကနေ ဒီနှစ်အတွင်းမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားခဲ့တဲ့ ယူရို-၂၀၂၀ ဘောလုံးပြိုင်ပွဲနဲ့ နောက်ထပ်ဥရောပ ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ UEFA Nations League ပြိုင်ပွဲတွေကို ကိုရိုနာဗိုင်းရပ်စ်အရှိန်တွေကြောင့် ဒီနှစ်ထဲမှာ ပုံမှန်အတိုင်း မကျင်းပနိုင်တော့ပဲ လာမယ့်၂၀၂၁ခုနှစ်မှသာ ကျင်းပဖြစ်တော့မယ်လို့ နော်ဝေဘောလုံးအဖွွဲ့ချုပ်ကနေ တရားဝင်ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ ယူရို-၂၀၂၀ပြိုင်ပွဲဟာ ယခင်နှစ်တွေနဲ့မတူ ဥရောပရဲ့နာမည်ကျော်နိုင်ငံတွေရဲ့မြို့ကြီး၁၂မြို့မှာ ပတ်လည်ကျင်းပမှာဖြစ်ကာ လက်ရှိဗိုင်းရပ်စ်ဂယက်ကြောင့် ပုံမှန်ကျင်းပဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားမှာ ရောက်နေခဲ့ပါတယ်။

ယူရို-၂၀၂၀ပြိုင်ပွဲကို ဇွန်လ၁၁ရက်နေ့ကနေ ဇူလိုင်လ၁၁ရက်နေ့အထိ တစ်လလိုင်တိုင် ကျင်းပပြုလုပ်မှာဖြစ်ပေမယ့်လည်း လက်ရှိအနေအထားတွေအရတော့ ဆက်လက်ကျင်းပနိုင်တော့မှာမဟုတ်ပဲ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကတော့ ဗိုင်းရပ်စ်အခြေအနေဆိုးရွှားနေမယ်ဆိုရင်တောင် ဒီနှစ်အတွင်းမှာ မဖြစ်မနေ ကျင်းပသွားမှာဖြစ်တယ်လို့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ယူအီးအက်အေ အစည်းအဝေးပွဲအတွင်းမှာ ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ လက်ရှိမှာတော့ တောင်အမေရိကရဲ့ထိပ်သီးပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ၂၀၂၀ ကိုပါအမေရိကပြိုင်ပွဲမှာလည်း ယူရို-၂၀၂၀ပြိုင်ပွဲလိုပဲ နောက်တစ်နှစ်ကို နောက်ဆုတ်သွားမှာဖြစ်ပြီး ၂၀၂၁ခုနှစ်ကျမှသာ ပြောင်းလဲကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ တစ်ကမ္ဘာလုံး အမှတ်ပေးလိဂ်ပြိုင်ပွဲတွေ အားလုံးနီးပါးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကုန်ရွှေ့ဆိုင်းထားခဲ့ရပါတယ်။

https://www.youtube.com/wtch?v=2MI7_Bb1MJw&t=7s