လာမယ့် ဇွန်(၁၁)ရက်နေ့မှာပဲ ဘောလုံးပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာတွေ အပြည့်ပေးစွမ်းသွားမယ့် ယူရို-၂၀၂ဝပြိုင်ပွဲကြီးကို စတင်ကျင်းပတော့မှာဖြစ်ပြီး ဥရောပရဲ့ ထိပ်တန်း နိုင်ငံ့လက်ရွေးစင်အသင်းတွေ ဝင်ရောက်ဆင်နွဲကြရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်းအရေအတွက် (၂၄)သင်းကို အုပ်စု(၆)စုခွဲပြီး ကျင်းပသွားမယ့် ယူရိုပြိုင်ပွဲမှာ ပထမဆုံးအနေနဲ့ အုပ်စု(A)က အသင်းတွေရဲ့အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။ အုပ်စု(A)မှာတော့ အီတလီ တူရကီ ဆွတ်ဇာလန်နဲ့ ဝေးလ်စ်အသင်းတို့ ပါဝင်ကြမှာဖြစ်ပါတယ်။

ဒီ အုပ်စုအတွင်းမှာ အီတလီအသင်းကို အင်အားကြီးတဲ့ အသင်းအဖြစ်နဲ့ သတ်မှတ်ချင်ပါတယ်။ ဒါကလည်း အသင်းတွေရဲ့ သမိုင်းကြောင်း အောင်မြင်မှုနဲ့ လူစာရင်းတွေအရသာ သတ်မှတ်ရခြင်းမျိုးပါ။ နည်းပြမန်ချီနီလက်အောက်မှာ အီတလီက ခြေစွမ်းကောင်းတွေ ပြသလို့နေပေမယ့် အသင်းမှာ ပုံမှန်ဂိုးသွင်းယူမယ့် တိုက်စစ်မှူးမရှိနေတာက အသင်းရဲ့ အားနည်းချက်ဖြစ်နေပါတယ်။ ဒါပေမယ့် အီတလီအနေနဲ့ ဒီအုပ်စုကနေတော့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့က ရာခိုင်နှုန်းများနေပါတယ်။

လက်စတာနောက်ခံလူ ဆိုယွန်ဂျူ မီလန်ကွင်းလယ်လူ ချာဟာနိုဂလူးနဲ့ လိုင်လီတိုက်စစ်မှူး ယီမက်ဇ်တို့ကို ရွေးချယ်ထားတဲ့ တူရကီအသင်းကလည်း အင်အားအသင့်အတင့်ရှိတဲ့ အသင်းဆိုပေမယ့် နောက်ပိုင်းကစားခဲ့တဲ့ ခြေစွမ်းပွဲတွေမှာ ပြသခဲ့တဲ့ ခြေစွမ်းပိုင်းမှာတော့ အားရစရာ သိပ်မရှိနေပါဘူး။ ဒါပေမယ့် သူတို့အသင်းက အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်းဖြစ်သလို မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ အသင်းဖြစ်လို့ အုပ်စုအဆင့်ကနေ တတ်လှမ်းဖို့ မျှော်လင့်ချက် ရှိနေရပါတယ်။

ယူရိုပြိုင်ပွဲကို ၂၀၁၆ခုနှစ်တစ်ကြိမ်မှာသာ အုပ်စုအဆင့်ကနေ လွတ်မြောက်နိုင်ခဲ့ရတဲ့ ဆွတ်ဇာလန်အသင်းဟာ ဒီတစ်ကြိမ်မှာလည်း နောက်တစ်ကြိမ် ရှုံးထွက်အဆင့်ဆီ ရောက်ရှိနိုင်မယ့် အခွင့်အရေးတွေ ရှိနေပါတယ်။ ဒါပေမယ့် ဆွတ်ဇာလန်အနေနဲ့ တူရကီ ဝေးလ်စ်အသင်းတွေနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်တွေမှာတော့ ရလဒ်ကောင်းဖို့ လိုအပ်ပါတယ်။ ဒီလိုမှသာ အုပ်စုအဆင့်ကနေ ဒုတိယအကြိမ်အဖြစ်နဲ့ လွတ်မြောက်နိုင်မှာဖြစ်ပြီး အကောင်းဆုံး အုပ်စု တတိယနေရာလောက်ကိုတော့ အရယူဖို့ ကြိုးပမ်းရပါလိမ့်မယ်။

ပရီးမီးယားလိဂ် ကြယ်ပွင့်ကစားသမားတွေရဲ့ ဝန်းရံထားတဲ့ ဝေးလ်စ်အသင်းဟာ အသင်းမှာ နာမည်ကျော် ကစားသမားတွေ ရှိနေပေမယ့် ဝေးလ်စ်ကို ဒီပြိုင်ပွဲမှာ အရမ်းမျှော်လင့်ထားလို့ မရနိုင်ပါဘူး။ ဘေးလ် ဒန်နီရယ်ဂျိမ်းစ် ရမ်ဆေး ဘင်ဒေးဗီစ်တို့လို ထိပ်တန်းကစားသမားတွေ ရှိနေပေမယ့် နိုင်ငံတကာပြိုင်ပွဲကြီးတွေနဲ့ အလှမ်းဝေးနေတဲ့ သူတွေဖြစ်နေတဲ့အပြင် အသင်းလိုက် ဟန်ချက်မညီမျှလို့ အုပ်စုအဆင့်ကနေ လွတ်မြောက်နိုင်ဖို့ဆိုတာ ခက်ခဲဖွယ်ရှိပါတယ်။