အဲဗာတန်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ အဓိကဂိုးသမားတစ်ယောက်ဖြစ်တဲ့ ဂျော်ဒန်ပစ်ဖိုဒ့်ဟာ စိတ်ချယုံကြည်ရလောက်တဲ့ ဂိုးသမားကောင်းတစ်ယောက် မဖြစ်သေးပေမယ့် ဒီ ၂၀၂၁ခုနှစ်အတွင်းမှာတော့ သူရဲ့လက်စွမ်းပိုင်းတွေ သိသိသာသာ တိုးတတ်ကောင်းမွန်လာခဲ့တာကိုတော့ ဘောလုံးပရိသတ်တွေသာမကပဲ သူ့ကို အလွန်ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ဂယ်ရီနဖီးလ်ကိုယ်တိုင်ကပါ ဝန်ခံပြောဆိုလာခဲ့တဲ့အထိပါပဲ။

Photo Credit : The Telegraph

အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ဂိုးသမား ပစ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ သူပါဝင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံမှာ ပြသခဲ့တဲ့ လက်စွမ်းတွေနဲ့ ဒီဇင်ဘာလ(၃၁)ရက်နောက်ပိုင်း ပါဝင်ကစားခဲ့တဲ့ ပွဲတွေအတွင်း ပြသနိုင်ခဲ့တဲ့ လက်စွမ်းတွေက ကွာခြားမှုတွေ ရှိလာခဲ့ပြီး ၂၀၂၁ခုနှစ်အတွင်းမှာ သူရဲ့လက်စွမ်းတွေက ပိုမိုတိုးတတ်ကောင်းမွန်လာခဲ့ရပါတယ်။ ပစ်ဖိုဒ့်ဟာ ၂၀၂ဝခုနှစ် ဒီဇင်ဘာလအထိ ပါဝင်ကစားခဲ့တဲ့ ပွဲပေါင်း(၂၁)ပွဲအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Clean Sheets က (၆)ပွဲသာ ရယူနိုင်ခဲ့သလို သူရဲ့အမှားကြောင့် ပေးဂိုး(၃)ဂိုးအထိကို ရှိခဲ့ရသလို ပေးဂိုးစုစုပေါင်းက (၂၄)ဂိုးအထိကို ရှိခဲ့ရပါတယ်။

Photo Credit : Chronicle Live

ဒါပေမယ့် ပစ်ဖိုဒ့်ဟာ ၂၀၂၁ခုနှစ်အတွင်းမှာတော့ သူရဲ့လက်စွမ်းတွေ ပြန်လည်ကောင်းမွန်လာခဲ့ရပြီး အဲဗာတန်နဲ့ အင်္ဂလန်အသင်းတွေအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ (၂၃)ပွဲအတွင်းမှာ ပေးဂိုးမရှိတဲ့ ပွဲအရေအတွက်က (၁၂)ပွဲအထိ မြင့်တတ်လာခဲ့ရပါတယ်။ ဒါတွေတင်မကသေးပဲ သူရဲ့ Clean Sheet ရယူနိုင်တဲ့ ရာခိုင်နှုန်းက (၀၂၉)%ကနေ (၀.၅၂)%အထိကို တိုးမြင့်လာခဲ့ရပြီး သူရဲ့အမှားကြောင့် ခွင့်ပြုခဲ့ရတဲ့ ပေးဂိုးကလည်း (၁)ဂိုးအထိ ကျဆင်းသွားခဲ့ရပါတယ်။ ပစ်ဖိုဒ့်ရဲ့ ဂိုးကာကွယ်မှု အရေအတွက်မှာဆိုရင်လည်း (၄၆)ကြိမ်ကနေ (၆၄)ကြိမ်အထိ တိုးတတ်လာခဲ့ရပြီး တစ်ပွဲအတွင်း သူရဲ့ဂိုးကာကွယ်နိုင်မှုကလည်း (၆၆)%ကနေ (၇၄)%အထိ မြင့်တတ်လာခဲ့ရပါတယ်။ ဒါတွေအပြင် ပစ်ဖိုဒ့်ဟာ လက်ရှိမှာလည်း အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲလျက် ရှိနေသလို အင်္ဂလန်အသင်းကိုလည်း ယူရို-၂၀၂၀ ပြိုင်ပွဲအတွင်းမှာ ပေးဂိုးလုံးဝမရှိသေးတဲ့ တစ်သင်းတည်းသောအသင်း ဖြစ်နေအောင်အထိပါ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အင်္ဂလန်ပရိသတ်များစွာကတော့ ပစ်ဖိုဒ့်အနေနဲ့ အခုလို လက်စွမ်းကောင်းတွေ ပြသလာနိုင်တာက သူရဲ့ဆံပင်ဒီဇိုင်းကို ပြောင်းလဲလိုက်တာကြောင့်ဖြစ်တယ်လို့ ကြံကြံဖန်ဖန် မှတ်ချက်ပြုပြောဆိုနေကြပါတယ်။ ဒါ့အပြင် သူ့ကို အပီအပြင် ဝေဖန်ခဲ့ဖူးတဲ့ အင်္ဂလန်ကစားသမားဟောင်းကြီး ဂယ်ရီနဖီးလ်ကိုယ်တိုင်ကလည်း လက်ရှိမှာ ပစ်ဖိုဒ့်က တကယ့်ကို ကွဲပြားခြားနားတဲ့ ကစားသမားတစ်ဦး ဖြစ်နေခဲ့ပြီး လက်ရှိ ယူရိုပြိုင်ပွဲမှာလည်း အင်္ဂလန်အတွက် အကောင်းဆုံးကို ကစားထားပေးနိုင်သူလို့ မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။