ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီအက်ဖ်အေ) အနေနဲ့ လာမယ့် အင်္ဂါနေ့ ပြုလုပ်သွားကြမယ့် အစည်းအဝေးမှာ ဥရောပ လိဂ် ပြိုင်ပွဲတွေ ပြီးဆုံးနိုင်ဖို့ အတွက် (၂၀၂၀) ယူရို ပြိုင်ပွဲကို ရွေ့ဆိုင်းဖို့ သဘောတူနိုင်ချေ ရှိတယ်လို့ အီတလီ အခြေစိုက် Gazzetta dello Sport က ဖော်ပြပါတယ်။ သတင်းတွေက ဥရောပ ဘောလုံး အဖွဲ့ချုပ်အနေနဲ့ ကိုရိုနာ ဗိုင်းရပ် ပြဿနာကို ဆွေးနွေးကြဖို့ လာမယ့် အပတ်မှာ အစည်းအဝေး ပြလုပ်သွားမှာ ဖြစ်ပြီး ဘယ်လို ရှေ့ဆက်သွားရမလဲ ဆိုတာ နဲ့ လိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ (၂၀၂၀) ယူရိုပြိုင်ပွဲကို ရွေ့ဆိုင်းသွားမလား ဆိုတာ နွေးဆွေးကြမှာ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Goal

လက်ရှိမှာ ဥရောပ ထိပ်သီး လိဂ် (၅) လိဂ် ဖြစ်တဲ့ ပရီးမီးယားလိဂ်၊ လာလီဂါလိဂ်၊ လီးဂူးဝမ်း၊ စီးရီးအေ နဲ့ ဘွန်ဒက်စ်လီဂါလိဂ်တွေကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ဧပြီလ ပထမ အပတ်အထိ ရပ်နားသွားခဲ့ပြီ ဖြစ်ပြီး ဘယ်အချိန် ပြန်ကစားရမလဲ ဆိုတာကို မသိရလျက် ရှိပါတယ်။ စီးရီးအေ ပြိုင်ပွဲကတော့ စီးရီးအေ ပွဲစဉ်တွေကို လာမယ့် မေလ (၂) ရက်မြောက်နေ့မှာ ပြန်ကစားသွားဖို့ နဲ့ ပွဲကြည့် ပရိတ်သတ်တွေ မပါဘဲ ကွင်းပိတ် ကစားသွားဖို့ ပြင်ဆင်လျက် ရှိပြီး စီးရီးအေ ပွဲစဉ်ကို လာမယ့် ဇွန်လ (၂၈) ရက်မြောက်နေ့မှာ ပြီးဆုံးဖို့ ပြင်ဆင်လျက်ရှိပါတယ်။

Photo Credit: Goal

ကိုရိုနာ ဗိုင်းရပ်ကြောင့် အားကစား ပြိုင်ပွဲ အမျိုးအစားပေါင်းစုံကို ယာယီ ရပ်နားထားကြပြီး ဘယ်အချိန်မှာ ပြန်ကစားသွားမလဲ ဆိုတာကို အတိအကျ မသိနိုင်သေးကြတာပဲ ဖြစ်ပါတယ်။ ဥရောပ လိဂ် ပြိုင်ပွဲတွေကို ဘယ်အချိန်မှာ ပြန်ကစားမလဲ ဆိုတာ မသိသေးသလို ချန်ပီယံလိဂ် ပြိုင်ပွဲကိုလည်း ဘယ်အချိန်မှာ ပြန်ကစားမလဲ ဆိုတာကို အခုအချိန်ထိ မသိရတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ဥရောပ လိဂ် (၅) လိဂ်နဲ့ တိုက်ရိုက် ပက်သက်နေတာကြောင့် လိဂ် ပြိုင်ပွဲကို အဆုံးသတ်ချင်တယ် ဆိုရင် (၂၀၂၀) ယူရို ပြိုင်ပွဲကို ရွေ့ဆိုင်းရဖို့ပဲ ရှိပါတယ်။ ယူအီအက်ဖ်အေအနေနဲ့ ဥရောပ လိဂ် ပြိုင်ပွဲတွေကို ပြီးဆုံးနိုင်ဖို့ (၂၀၂၀) ယူရို ပြိုင်ပွဲ ရွေ့ဆိုင်းသွားနိုင်ချေ ရှိပြီး လာမယ့် အင်္ဂါနေ့ အစည်းအဝေး ပြီးရင် အဖြေ တစ်ခုခု သိရမှာ ဖြစ်ပါတယ်။