ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ဥရောပတိုက်ရဲ့ ယူရို ၂၀၂၀ပြိုင်ပွဲကို ယခုလ အတွင်းမှာပဲ နိုင်ငံ ၁၁နိုင်ငံရဲ့ ကွင်း ၁၁ကွင်းမှာ ကျင်းပသွားတော့မှာလည်း ဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲဟာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် အကြိတ်အနယ် အရှိဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်တာကြောင့် နိုင်ငံတကာပြိုင်ပွဲတွေကို နှစ်သက်တဲ့ ပရိသတ်တွေ မဖြစ်မနေ စောင့်ကြည့် အားပေးရမယ့် ပြိုင်ပွဲတခု ဖြစ်ပြီး ဒီတခါမှာတော့ ကျွန်တော်က နာမည်ကြီးအသင်းတွေ မဟုတ်ပဲနဲ့ ပရိသတ်တွေ စောင့်ကြည့်သင့်တဲ့ အသင်း ၃သင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

၃။ စကော့တလန်

ဗြိတိန်ကျွန်းစုနိုင်ငံ ဖြစ်တဲ့ စကော့တလန်နိုင်ငံဟာ ထိပ်တန်း နိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတာ အတော်လေးကို ကြာမြင့်ခဲ့ပေမယ့် ယခုတကြိမ်မှာတော့ ပရီးမီးယားလိဂ် နာမည်ကြီး ကြယ်ပွင့်တွေနဲ့ အသင်းကို စုဖွဲ့ထားတဲ့ ကစားအားကောင်းတဲ့ အသင်းတသင်းပဲ ဖြစ်ပါတယ်။ လီဗာပူး နောက်ခံလူ ရော်ဘတ်ဆန် ၊ အာဆင်နယ် နောက်ခံလူ တီယာနေးတို့ ဦးဆောင်လာမယ့် နောက်တန်း ၊ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ တော်မီနေး ၊ ချယ်လ်ဆီး ကွင်းလယ်လူ ဂေးလ်မာ ၊ ဗီလာ ကွင်းလယ်လူ မက်ဂင်းတို့ ရှိနေတဲ့ ကွင်းလယ် ၊ နယူးကာဆယ် တောင်ပံ ကစားသမား ဖရေဇာ ဦးဆောင်မယ့် တိုက်စစ်ပိုင်းဟာ စကော့တလန် အသင်းကို အားကောင်းတဲ့ အစုအဖွဲ့တခု အဖြစ် ရှိနေစေပြီး စကော့တလန်အသင်းသာ အုပ်စုအဆင့်မှာ အင်္ဂလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ထဲက တသင်းကို နောက်ကောက်ချနိုင်မယ် ဆိုရင် ဒါက အံ့ဩစရာ ကိစ္စတခု မဟုတ်ကြောင်း ပရိသတ်တွေကို အသိပေးချင်ပါတယ်။

Photo Credit: Daily Mail

၂။ ဒိန်းမတ်

နောက်ဆုံး ၅ပွဲဆက်တိုက် ရှုံးပွဲ မရှိသေးတဲ့ ဒိန်းမတ်အသင်းဟာ ယူရို ၂၀၂၀ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်း ၊ ရုရှားအသင်း ၊ ဖင်လန်အသင်းတို့နဲ့ အုပ်စု Bမှာ အတူ ကျရောက်နေပြီး အုပ်စု ဒုတိယနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ ရုရှားအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အသင်းပါ။ ဒိန်းမတ်အသင်းဟာ နောက်တန်းမှာ လက်စတာ အသင်းခေါင်းဆောင် ရှမိုက်ကယ် ၊ ဆဲလ်တစ် နောက်ခံလူ အေဂျာ ၊ ချယ်လ်ဆီး နောက်ခံလူ ခရစ်တန်ဆန်တို့ကို ပိုင်ဆိုင်ထားသလို ဒေါ့မွန် ကွင်းလယ်လူ ဒီလာနေး ၊ အင်တာမီလန် ကွင်းလယ်လူ အဲရစ်ဆင် ၊ စပါးကွင်းလယ်လူ ဟော့ချ်ဘက်တို့ ရှိနေတဲ့ ကွင်းလယ်ပိုင်း ၊ တိုက်စစ်ပိုင်းမှာ ဘာစီလိုနာ တိုက်စစ်မှူး ဘရိတ်ဝိတ် ၊ နိုက်စ်အသင်း တိုက်စစ်မှူး ဒဲလ်ဘက် ၊ ရက်ဘူးလ် လိုက်ပ်ဇက် တိုက်စစ်မှူး ပေါလ်ဆန်တို့ ရှိနေတဲ့ လူစာရင်းဟာ ဥရောပ ထိပ်သီးအသင်းတွေကိုတောင် ဒုက္ခပေးနိုင်စွမ်း ရှိတာကြောင့် ဒိန်းမတ်အသင်းဟာ ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ ကော်ကောင်အသင်း ဖြစ်ဖို့ ရာခိုင်နှုန်း အတော်လေးကို များနေပါတယ်။

Photo Credit: Daily Mail

၁။ ပိုလန်

လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရတဲ့ လီဝမ်ဒေါစကီးကို ပိုင်ဆိုင်ထားတဲ့ ပိုလန်အသင်းဟာ ယူရို ၂၀၂၀ပြိုင်ပွဲကို ဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်း ၁၀သင်းထဲမှာ ပါဝင်နေပါတယ်။ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ လီဝမ်ဒေါစကီး ၊ မာဆေးလ် တိုက်စစ်မှူး မီလစ်တို့ ဦးဆောင်လာမယ့် တိုက်စစ်ပိုင်းဟာ ပိုလန်အသင်းရဲ့ အကောင်းဆုံး အစိတ်အပိုင်း ဖြစ်သလို နောက်တန်းမှာ ဆက်ဇက်ဂ်နီ ၊ ဂလစ်ချ် ၊ ဘက်ဒ်နားရစ်တို့ ရှိနေသလို ကွင်းလယ်ပိုင်းမှာ ခရိုင်ချိုဝစ် ၊ ဇီလင်စကီးတို့ ရှိနေတာကြောင့် ပိုလန်အသင်းဟာ အနိမ့်ဆုံး ကွာတားဖိုင်နယ်လောက် အထိ တက်ရောက်ဖို့ အလားအလာ များနေကြောင်း ဘောလုံးရေးရာ သုံးသပ်ဝေဖန်သူတွေက သုံးသပ်ထားကြပါတယ်။