ဘာစီလိုနာအသင်း ၊ အင်တာမီလန် အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ဂန္တဝင် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အီတူးကတော့ သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ မက်ဆီကို ဆုံးရှုံးခဲ့ရင်တောင် မက်ဆီရဲ့ နေရာမှာ အစားဝင်နိုင်မယ့် ကစားသမား တစ်ဦးကို ပိုင်ဆိုင်ထားကြောင်း ပြောပြ သွားခဲ့ပါတယ်။ အသက် ၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ အာဂျင်တီးနား အသင်းနဲ့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်တော့မယ့် ကစားသမား တစ်ဦးဖြစ်ပြီး လက်ကျန် ရာသီဝက် အတွင်းမှာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိပါက ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ကစားသမား တစ်ဦးပါ။

Photo Credit: Goal

မက်ဆီဟာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကတည်းက ကြိုးစားခဲ့သူ ဖြစ်ပေမယ့် လက်ရှိမှာတော့ အသင်းရဲ့ ဥက္ကဌအသစ် ဖြစ်လာမယ့် လူနဲ့ ဆွေးနွေးပြီးမှသာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုမလား ၊ အသင်းကနေ ထွက်ခွာမလား ဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား ထားပါတယ်။ အီတူး ကတော့ လက်ရှိ ဘာစီလိုနာ အသင်းရဲ့ လူငယ် ကြယ်ပွင့်တစ်ဦး ဖြစ်သူ အန်ဆု ဖာတီဟာ ဘာစီလိုနာ အသင်းမှာ မက်ဆီ မရှိတော့ရင် မက်ဆီရဲ့ နေရာကို အစားဝင်မယ့် ကစားသမား ဖြစ်ပြီး ဖာတီရဲ့ ခြေစွမ်းကို အလွန်အမင်း သဘောကျကြောင်း ပြောဆို သွားပါတယ်။ ဖာတီဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ဖာတီဟာ မက်ဆီရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမား တစ်ဦးဖြစ်ကြောင်းကို အီတူးက “ ကျွန်တော် ကတော့ ဖာတီဟာ အနာဂတ်ရဲ့ ကြယ်ပွင့် တစ်ဦးလို့ ထင်ပါတယ်။ သူက အခုချိန်မှာ အရမ်းကို ကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသထားသလို အသင်းကလည်း သူ့ကို လိုအပ်ပါတယ်။ အသင်းက သူ့ကိုလည်း အများကြီး ဂရုစိုက်နေတယ် လို့ ထင်ပါတယ်။ သူက မက်ဆီရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမား တစ်ဦးလို့ ကျွန်တော် ထင်ပါတယ်” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။ ဖာတီဟာ ယခုနှစ် ဘောလုံးရာသီ မှာ ဘာစီလိုနာ အသင်းအတွက် ၁၀ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ် ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။