ဘာစီလိုနာအသင်း တိုက်စစ်မှူးဟောင်း အီတူးက လက်ရှိ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ကမ္ဘာ့ အကောင်းဆုံး နဲ့ သမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်တယ်လို့ ပြောခဲ့ပြီး မက်ဆီအနေနဲ့ အသက် (၇၀) အရွယ်အထိ ကစားသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လက်ရှိအချိန်အထိ အသင်းတစ်ကြိမ်မှ မပြောင်းဖူးသေးဘဲ ဘာစီလိုနာအသင်းမှာပဲ ကစားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ လက်ရှိ စာချုပ်က လာမယ့် (၂၀၂၁) ခုနှစ်၊ နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် စာချုပ်သစ် ထပ်တိုးခြင်း မရှိသေးတာ ဖြစ်ပါတယ်။

Photo Credit: Goal

မက်ဆီဟာ အရင်က ဘာစီလိုနာအသင်းနဲ့ စာချုပ် ဖျက်သိမ်းကြေး ရှိပေမယ့်လည်း လက်ရှိမှာ စာချုပ် ဖျက်သိမ်းကြေး မရှိတော့တာကြောင့် အသင်း တစ်သင်းက စိတ်ဝင်စားလို့ ခေါ်ယူချင်တယ်ဆိုရင် စာချုပ် ဖျက်သိမ်းကြေး ပေးစရာ မလိုတော့ဘဲ ပြောင်းရွေ့ကြေးနဲ့ ခေါ်နိုင်ပါတယ်။ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး မက်ဆီဟာ လက်ရှိမှာ အသက်အရွယ် (၃၂) ရှိနေပြီ ဖြစ်ပေမယ့်လည်း ကျဆင်းလာတဲ့ အရိပ်အယောင်ကို ပြသခြင်း မရှိသေးတာ ဖြစ်ပြီး ဘာစီလိုနာ တိုက်စစ်မှူးဟောင်း အီတူးက မက်ဆီကို အသက် (၇၀) အထိ ကစားသင့်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

Marca သတင်းမှာ အီတူးက “မက်ဆီက ကမ္ဘာမှာ အကောင်းဆုံး ကစားသမား ဖြစ်ပြီး သမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ မက်ဆီကို ဘယ်ကစားသမားနဲ့ တွဲကစားချင်သလဲလို့ မေးပြီး သူ နေတဲ့ အသင်းကို ကျွန်တော် အမြဲတမ်း ရွေးမှာပါ။ ကမ္ဘာပေါ်က ဘယ်အသင်းမဆို မက်ဆီကို လိုချင်ကြပါတယ်။ နောက်ပြီး မက်ဆီကို အားပေးဖို့ လိုအပ်ပါတယ်။ မက်ဆီက အသက် (၂၅) နှစ်အရွယ် လူငယ် တစ်ဦးလို မပြေးနိုင်တော့ပါဘူး။ ဒါပေမယ့်လည်း သူ တစ်ခါတစ်လေ အဲဒီလိုမျိုး ပြေးနိုင်ပါသေးတယ်။ ကျွန်တော်တို့ ဘာစီလိုနာ ပရိသတ်တွေအနေနဲ့ လုပ်ရမှာက မက်ဆီကို ကမ္ဘာ့ အကောင်းဆုံး အသင်းပေးပြီး သူ့ကို ကြည့်ပြီး ပျော်ရွင်ရပါမယ်။ မက်ဆီအနေနဲ့ အသက် (၇၀) အရွယ်အထိ ကစားဖို့ လိုအပ်တယ်။ ဒါမှပဲ သူ့ကို ကြည့်ပြီး ကျွန်တော်တို့ ပျော်နိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။