အင်တာမီလန် ၊ ဘာစီလိုနာနဲ့ ချယ်လ်ဆီးတို့လို ဥရောပ အင်အားကြီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ကင်မရွန်း ဂန္တဝင် တိုက်စစ်မှူးကြီး အီတူးကတော့ အာဆင်နယ်နဲ့ ပြင်သစ်တို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး အွန်နရီဟာ သူနဲ့ တန်းတူတဲ့ တိုက်စစ်မှူးမျိုး မဟုတ်သလို ရီးရဲလ်မက်ဒရစ် ၊ အာဆင်နယ်နဲ့ ချယ်လ်ဆီး တိုက်စစ်မှူးဟောင်း အနယ်ကာထက်တောင် ပိုညံ့သေးတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၁နှစ် အရွယ် ကင်မရွန်း ဂန္တဝင် တိုက်စစ်မှူး အီတူးက အာဖရိကတိုက် ကနေ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူ့ရဲ့ အဆုံးသတ်စွမ်းရည်နဲ့ ဘောလုံးအရည်အသွေး ပြည့်ဝမှုတို့ကြောင့် ချန်ပီယံလိဂ် ဆုဖလား ၃ကြိမ် အပါအဝင် ဆုဖလားပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့သလို ရွှေဖိနပ်ဆု ၄ဆုနဲ့ အာဖရိက တနှစ်တာ အကောင်းဆုံး ကစားသမားဆု ၄ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Express

တဖက်မှာ အသက် ၄၅နှစ် အရွယ် ပြင်သစ် ဂန္တဝင် တိုက်စစ်မှူး သီယာရီ အွန်နရီကလည်း အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပြီး အွန်နရီရဲ့ အတိုးအလှုပ်တွေ ၊ တောင်ပံတလျှောက် ပြိုင်ဘက်တွေကို လိမ်ခေါက် ဖြတ်ကျော်ပြီး ဂိုးသွင်းတဲ့ ပုံစံတွေ အားလုံးဟာ ဘောလုံးချစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ ကျန်ရစ်နေပါသေးတယ်။

အီတူးနဲ့ အွန်နရီတို့က ဘာစီလိုနာမှာလည်း အတူတကွ တွဲဖက် ကစားခဲ့ဖူးကြပြီး အီတူးကတော့ သူ့ရဲ့ တွဲဖက်ဟောင်း ဖြစ်သူ အွန်နရီဟာ လူတွေရဲ့ ချီးကျူးမှုတွေကို ခံနေရပေမယ့် တကယ်တမ်းမှာ သူ့ကို မမှီသလို ပြင်သစ် ကြယ်ပွင့်ဟောင်း ဖြစ်တဲ့ အနယ်ကာထက်တောင် ပိုညံ့သေးကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုလာပါတယ်။

Photo Credit: Express

အီတူးက – “ကျွန်တော်ကတော့ အွန်နရီဟာ အနယ်ကာရဲ့ အဆင့်အတန်းမျိုးမှာတောင် မရှိဘူးလို့ပဲ ထင်ပါတယ်။ သီယာရီက ကစားသမားကောင်း တယောက်ပါ။ ဒါပေမယ့် ကျွန်တော်က တိုက်စစ်မှူးတွေရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ ဒါကြောင့် ကျွန်တော့်မှာ သီယာရီထက် ပိုကြိုက်ရတဲ့ တိုက်စစ်မှူးတွေ အများကြီး ရှိပါတယ်။ အွန်နရီက ကျွန်တော့်ရဲ့ အဆင့်အတန်းကို မှီတဲ့ တိုက်စစ်မှူး မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အီတူးက သူ့ရဲ့ ကစားသမား ဘဝမှာ စုစုပေါင်း ပြိုင်ပွဲစုံ ၈၄၂ပွဲ ပါဝင် ကစားခွင့် ရခဲ့ရာ သွင်းဂိုး ၄၁၈ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၁၇ကြိမ် ရှိခဲ့ပြီး အွန်နရီကတော့ သူ့ရဲ့ ကစားသမား ဘဝမှာ ပြိုင်ပွဲစုံ ၉၁၆ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၄၁၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၇၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။