နာမည်ကျော် ပြင်သစ် တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေရဲ့ ညီငယ်လေးဖြစ်သူ အီသန် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ မက်ဇ်အသင်းတို့ရဲ့ ပြင်သစ် လီဂူးပွဲစဉ်မှာပဲ သူရဲ့ စီနီယာ ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင် ကစားခွင့် ရရှိခဲ့ပါတယ်။

အသက် (၁၆)နှစ်သာ ရှိနေသေးတဲ့ အီသန်လေးဟာ ၂၀၁၇ခုနှစ်ကတည်းက အစ်ကိုဖြစ်သူ ကီလီယန် အမ်ဘာပေနဲ့အတူ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့ပြီး ပီအက်စ်ဂျီ လူငယ်အသင်းမှာ စတင် ပါဝင်ခွင့် ရရှိလာခဲ့ပါတယ်။

Photo Credit : 90Min

ကီလီယန်ရဲ့ညီ ဖြစ်ပေမယ့် ကီလီယန်လို တိုက်စစ်မှာ မဟုတ်ပဲ ကွင်းလယ်ပိုင်းမှာ ကစားတတ်သူ အီသန်ဟာ ဒီနှစ်ဘောလုံးရာသီ မစတင်ခင် ရာသီကြို ခြေစမ်းပွဲတွေမှာကတည်းက ပီအက်စ်ဂျီ စီနီယာအသင်းနဲ့ ပူးပေါင်းခွင့် ရရှိခဲ့သလို ပါဝင် ကစားခွင့်ပါ ရရှိခဲ့ပါသေးတယ်။

ပီအက်စ်ဂျီအသင်းအတွက် တရားဝင် ပြိုင်ပွဲ ပွဲဦးထွက်ကို အခု မက်ဇ်နဲ့ပွဲမှသာ စတင် ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာလည်း အသက် (၂၅)နှစ်ပြည့် မွေးနေ့ရှင်ဖြစ်တဲ့ အစ်ကို ကီလီယန်နဲ့ပါ တွဲဖက် ကစားခဲ့ရပါသေးတယ်။

Photo Credit : 90Min

မိနစ်အနည်းငယ်လောက်လေးသာ ပါဝင် ကစားခဲ့ရတာ ဆိုပေမယ့်လည်း အီသန်လေးအတွက် နောက်ပိုင်းပွဲတွေမှာ အလျဉ်းသင့်သလို ကစားခွင့်တွေ ရလာနိုင်တဲ့အပြင် တကယ်လို့များ ကီလီယန်အနေနဲ့ ရီးယဲလ်မက်ဒရစ်ဆီ ရောက်သွားမယ်ဆိုရင်လည်း အီသန်ပါ ရီးယဲလ် အကယ်ဒမီကို ရောက်သွားနိုင်ပါတယ်။

ရီးယဲလ်က လာမယ့် ၂၀၂၄ခုနှစ် နှစ်စပိုင်းကနေ စတင်ပြီး ကီလီယန် အမ်ဘာပေကို ခေါ်ယူနိုင်ဖို့အတွက် အသေအချာ လုပ်ဆောင်သွားဖို့ ရှိနေရာ တကယ်လို့ ကီလီယန်လည်း ရီးယဲလ်ဆီ ပြောင်းဖြစ်ခဲ့မယ်ဆိုရင် အီသန်က ရီးယဲလ်မှာပါ ပွဲကစားခွင့်တွေ ပိုမို ရရှိလာနိုင်ပါတယ်။