MySport Myanmar

တန်းဆင်းချင်ရင် ကျွန်တော့်ကိုသာ ခေါ်လိုက်ပါ – အီသန် အမ်ပါဒူ

ချယ်လ်ဆီးအသင်းရဲ့ ဝေးလ်စ် လက်ရွေးစင် နောက်ခံ ကစားသမား အီသန်အမ်ပါဒူဟာ လက်ရှိမှာတော့ သူ မလိုချင်တဲ့ စံချိန်ဆိုးကြီးတစ်ခုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။ ချယ်လ်ဆီးမှာ နေရာရဖို့ မလွယ်ကူလို့ တခြား ကလပ်အသင်းတွေမှာ အငှားနဲ့ သွားကစားနေရတဲ့ အမ်ပါဒူဟာ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ သူ ပါဝင်ခဲ့တဲ့ ကလပ်အသင်း (၃)သင်းနဲ့ တန်းဆင်းထားခဲ့ရပါတယ်။

Photo Credit : Daily Mail

အင်္ဂလန် ကလပ်အသင်း Exeter City လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာပြီး ၂၀၁၇ခုနှစ်မှာပဲ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ အမ်ပါဒူဟာ ချယ်လ်ဆီးအတွက် နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ (၁၂)ပွဲအထိ ပါဝင်ကစားပေးရင်း လိုက်ပ်ဇစ် ရှက်ဖီးယူနိုက်တက် ဗင်နီဇီယာ နဲ့ စပီဇီယာအသင်းတွေမှာ အငှား ကစားသမားအဖြစ် ကျင်လည်ဖြစ်ခဲ့ပါတယ်။ အမ်ပါဒူက လိုက်ပ်ဇစ်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပေမယ့် တစ်ရာသီအတွင်း အသင်းအတွက် (၇)ပွဲသာ ပါဝင်ခဲ့ရပါတယ်။

Photo Credit : Daily Mail

လိုက်ပ်ဇစ်မှာ အငှားနဲ့ ကစားလို့အပြီး နောက်တစ်ရာသီမှာတော့ ရှက်ဖီးယူနိုက်တက်အသင်းဆီ အငှားနဲ့ ရောက်သွားခဲ့တဲ့ အမ်ပါဒူဟာ ရှက်ဖီးမှာတော့ ပွဲတော်တော်များများ ကစားခဲ့ရပေမယ့်လည်း ရာသီအကုန်မှာပဲ သူရဲ့ ရှက်ဖီးအသင်းက တန်းဆင်းသွားခဲ့ရပါတယ်။ ဆက်လက်ပြီး အီတလီ စီးရီးအေထိ ခြေဆန့်ခွင့် ရရှိခဲ့တဲ့ နောက်ခံလူ အမ်ပါဒူက ဗင်နီဇီယာအသင်းဆီကို တစ်ရာသီအငှားနဲ့ ထပ်မံ ပြောင်းရွှေ့ခွင့် ရရှိခဲ့ပြန်ပါတယ်။ အဲ့ဒီလို အငှားမချခင်မှာပဲ ချယ်လ်ဆီးက သူ့ကို စာချုပ်သက်တမ်း (၃)နှစ်အထိ တိုးမြှင့်ခဲ့ပြန်ပါသေးတယ်။

Photo Credit : Daily Mail

ဒါပေမယ့် သူရဲ့ ကံကြမာက ဆက်လက် ဆိုးရွားနေပြန်ပြီး ဗင်နီဇီယာလည်း စီးရီးအေက ထပ်မံ တန်းဆင်းခဲ့ရပြန်ပါတယ်။ ဒီလို ကံကြမာဆိုး ရှိနေတဲ့ အမ်ပါဒူဟာ စီးရီးအေမှာပဲ ဆက်လက် ကျင်လည်ခွင့်ရခဲ့ပြီး စပီဇီယာအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပြန်ပါတယ်။ အမ်ပါဒူရဲ့ စပီဇီယာက ဒီရာသီအကုန်မှာ အဆင့်(၁၇)နေရာနဲ့ ရပ်တည်ခဲ့ရပေမယ့် အဆင့် (၁၈)က ဗီရိုနာနဲ့ အမှတ်ချင်းတူသွားခဲ့ရာ စီးရီးအေရဲ့ rules အပြောင်းအလဲကြောင့် ဂိုးကွာခြားချက်ကို ထည့်မတွက်ပဲ ဒီနှစ်သင်းကို ပလေးအော့ ကစားစေပါတယ်။ ဒီပလေးအော့ပွဲမှာ အမ်ပါဒူက သူရဲ့ ကလပ်အသင်း ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို စတင် သွင်းယူနိုင်ခဲ့ပေမယ့် သူရဲ့ စပီဇီယာကိုတော့ တန်းမဆင်းရအောင် မကယ်တင်နိုင်တော့ပဲ မတူညီတဲ့ အသင်း(၃)သင်းနဲ့ (၃)ရာသီဆက်တိုက် တန်းဆင်းခဲ့ရပါတယ်။

Exit mobile version