မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့အနေနဲ့ ယူနိုက်တက်အသင်းသားတွေကို ပွဲတိုင်း ပွဲတိုင်းကို ဗိုလ်လုပွဲတစ်ပွဲ ကစားနေရသလိုမျိုး ခံယူထားပြီး ယှဉ်ပြိုင်ကစားရမယ်လို့ မှာကြားထားကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ ၂၀၂၃နှစ်ကုန်ပိုင်းမှာ ပြိုင်ပွဲစုံ (၅)ပွဲထဲ (၁)ပွဲသာ အနိုင်ရခဲ့ပေမယ့် ၂၀၂၄နှစ်စပိုင်းမှာတော့ (၅)ပွဲကစားထားပြီးချိန် (၁)ပွဲတည်း သရေကျပြီး (၄)ပွဲနိုင် ရှုံးပွဲမရှိအောင် ကစားထားနိုင်သလို ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း (၃)ဂိုးပြတ်နဲ့ပါ အနိုင်ယူထားခဲ့ပါတယ်။

Photo Credit : Eurosport

အခုဆိုရင် ယူနိုက်တက်က နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိထားတာမို့ လာမယ့် တနင်္ဂနွေနေ့ ဗီလာအသင်းနဲ့ ဗီလာပါ့ခ်မှာ ရင်ဆိုင်သွားရမယ့် ပွဲစဉ်ကိုလည်း ရလဒ်ကောင်းတွေ ထပ်မံ ရယူသွားနိုင်ဖို့ အခြေအနေ ကောင်းနေရပါတယ်။

ဗီလာကလည်း ဒီရာသီ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေထဲ အာဆင်နယ် မန်စီးတီးတို့ကို အနိုင်ရခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ ချယ်လ်ဆီး နယူးကာဆယ်တို့ကို (1-3) ဆိုတဲ့ ရလဒ်တွေနဲ့ အရှုံးပေးထားခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း (၄)ပွဲမှာ ဘန်လေနဲ့တစ်ပွဲတည်းသာ ကပ်အနိုင်ရခဲ့ပါတယ်။

Photo Credit : Sky Sports

အခု ဗီလာနဲ့ ဗီလာပါ့ခ်မှာ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် ယူနိုက်တက် နည်းပြ တန်ဟက်ဂ်က “ဇန်နဝါရီလ အစကတည်းက အသင်းကို ကျွန်တော် ပြောခဲ့တာက ပွဲတိုင်းကို ဗိုလ်လုပွဲလို ကစားဖို့ပါပဲ။ ကျွန်တော် မှာကြားခဲ့သလိုပဲ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲကိုလည်း အဲ့ဒီအတိုင်း ချဉ်းကပ်ခဲ့ပါတယ်။”

“ကျွန်တော်တို့တွေ ဒီစိန်ခေါ်မှုကို ယူဆောင်ပြီး ပွဲတိုင်းကို ဗိုလ်လုပွဲတွေအဖြစ် ခံယူပြီး ကစားသွားရပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ တန်ဟက်ဂ်အနေနဲ့ ဒီရာသီမှာ အသင်းကို တည်ငြိမ်မှု ရှိနေတဲ့ ပုံစံမျိုး ရရှိအောင် ကိုင်တွယ်ခြင်း မရှိပေမယ့် ဒီနောက်ပိုင်းမှာ ရလဒ်တွေ ပြန်လည် ကောင်းမွန်လာတာကြောင့် ယူနိုက်တက် ပရိသတ်တွေရဲ့ အားပေး ထောက်ခံမှုတွေပါ ရရှိနေပါတယ်။