နာမည်ကျော် အားကစား သတင်းဌာန တစ်ခုဖြစ်တဲ့ ESPN သတင်းဌာန ကတော့ မကြာသေးမီကပဲ ၂၀၂၀ ခုနှစ်ရဲ့ အကောင်းဆုံး နည်းပြ ၁၀ဦး စာရင်းကို ထုတ်ပြန် ကြေညာ သွားခဲ့ပါတယ်။ ESPNရဲ့ အကောင်းဆုံး နည်းပြ၁၀ဦး စာရင်းမှာ နံပါတ် ၁၀နေရာမှာ ရှိနေတဲ့ နည်းပြ ကတော့ လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဲဗာတန် အသင်းကို ဖျက်မြင်းအသင်း အဆင့်ထက် ပိုတဲ့ ခြေစွမ်းတွေ ပြနိုင်အောင် ဦးဆောင် ထားနိုင်တဲ့ ဝါရင့် နည်းပြကြီး အန်ဆလော့တီပဲ ဖြစ်ပါတယ်။ နံပါတ် ၉ နေရာ မှာတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းကို ဝေးကွာနေတဲ့ လာလီဂါဖလားအား ပြန်လည် ရရှိအောင် ဦးဆောင် လမ်းပြ ပေးနိုင်ခဲ့တဲ့ ဇနက်ဒင်း ဇီဒန်းက ရပ်တည်နေပါတယ်။

Photo Credit: SportBible

နံပါတ် ၈နေရာမှာ ရပ်တည်နေတဲ့ နည်းပြကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်း ၊ အင်တာမီလန် အသင်းတို့ကို ကျော်ဖြတ်ကာ ဆီဗီးလားအသင်းနဲ့ အတူ ယူရိုပါလိဂ်ဖလား ရယူ ပြထားတဲ့ စပိန်လူမျိုး နည်းပြ လိုပက်တီဂူပဲ ဖြစ်ပါတယ်။ နံပါတ် ၇နေရာမှာတော့ လက်ရှိ ဘောလုံးရာသီ မှာ အက်သလက်တီကို မက်ဒရစ် အသင်းကို လာလီဂါ ဆုဖလား ရရှိနိုင်မယ့် ရေပန်းအစားဆုံး အသင်း ဖြစ်နေအောင် ဦးဆောင်ထားနိုင်တဲ့ ဆီမြွန်နီက ရှိနေပါတယ်။ နံပါတ် ၆နေရာမှာ ရှိနေတဲ့ နည်းပြကြီး ကတော့ ပရိသတ်တွေ မထင်မှတ်ထားတဲ့ နည်းပြ တစ်ဦးဖြစ်ပြီး သူကတော့ လိဒ်ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဘီယဲလ်ဆာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုက်ပ်ဇစ်အသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်အထိ ပို့ဆောင် ပေးနိုင်ခဲ့တဲ့ တက်သစ်စ လူငယ် နည်းပြ နစ်ဂယ်စမန်း ကတော့ နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit: SportBible

နံပါတ် ၄နေရာ မှာတော့ အတ္တလန်တာ အသင်းနဲ့အတူ စီးရီးအေ ပြိုင်ပွဲမှာရော ၊ ချန်ပီယံလိဂ်ပြိုင်ပွဲ မှာပါ အံ့အားသင့်စရာ ကောင်းတဲ့ ခြေစွမ်းတွေ ထုတ်ပြခဲ့တဲ့ နည်းပြ ဂတ်စပါရီနီက ရှိနေပါတယ်။ အကောင်းဆုံး နည်းပြ စာရင်းရဲ့ နံပါတ် ၃နေရာမှာ ရှိနေတဲ့ သူကတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဖြစ်သူ ပပ်ဂွာဒီယိုလာပဲ ဖြစ်ပါတယ်။ နံပါတ် ၂နေရာမှာ ရပ်တည်နေတဲ့ နည်းပြကတော့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ အတူ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား ၃လုံးအထိ ရယူနိုင်ခဲ့တဲ့ နည်းပြကြီး ဖလစ်ပါပဲ။ ၂၀၂၀ခုနှစ်ရဲ့ အကောင်းဆုံး နည်းပြ အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ နည်းပြကတော့ လီဗာပူးအသင်းကို နှစ်ပေါင်း ၃၀ကျော် ကြာအောင် ဝေးကွာနေတဲ့ အမှတ်ပေးဖလားအား ဆွတ်ခူးနိုင်အောင် လမ်းပြပေးခဲ့တဲ့ နည်းပြကြီး ဂျာဂန် ကလော့ပ်ပဲ ဖြစ်ပါတယ်။