ဟာလန်းရဲ့ ဖခင် ဖြစ်သူ အယ်လ်ဖီ အင့်ချ်ကတော့ သူ့သား ဟာလန်းအနေနဲ့ နည်းပြ တစ်ဦးပဲ စိတ်ဝင်စားတဲ့ မန်ယူအသင်းထက်စာရင် တစ်သင်းလုံးက စိတ်ဝင်စားတဲ့ ဒေါ့မွန်အသင်းကိုသာ ပြောင်းခဲ့တယ်လို့ TV2 သတင်းအစီအစဉ်မှာ အခိုင်အမာ ပြန်လည် ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ ဟာလန်းဟာ ရက်ဘူးလ်အသင်းကနေ ထွက်သွားဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ မိုးလ်ဒီအသင်းမှာ ကစားခဲ့စဉ်က လက်တွဲခဲ့ဖူးတဲ့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းကို ပြောင်းသွားလိမ့်မယ်လို့ သတင်းတွေ ထွက်လာခဲ့ပေမဲ့လည်း ဒေါ့မွန်အသင်းကို အပြီးသတ် ပြောင်းရွေ့သွားခဲ့ပါတယ်။

 

Photo Credit: Dailymail

ဟာလန်းဟာ ဂျာမနီနိုင်ငံက ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို ရောက်သွားတဲ့ အချိန်မှာ ဒေါ့မွန်အသင်း အတွက် ခြေစွမ်းပြ ကစားခဲ့တာကြောင့် ပထမဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၁၁) ပွဲမှာ သွင်းဂိုး (၁၂) ဂိုး သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြနေဆဲ အချိန်မှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်လာခဲ့ပါတယ်။ ဟာလန်းရဲ့ ဖခင် ဖြစ်သူ အယ်လ်ဖီ အင့်ချ်ကတော့ သူ့သား ဟာလန်းအနေနဲ့ အသင်းပြောင်းဖို့ ဆုံးဖြတ်တဲ့ အချိန်မှာ သူ ပြောင်းချင်တဲ့ အသင်းရဲ့ လွန်ခဲ့တဲ့ (၁၀) နှစ်က သမိုင်းကို ကြည့်ခဲ့ပြီး နည်းပြ တစ်ဦးပဲ စိတ်ဝင်စားတဲ့ မန်ယူအသင်းကို မပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Dailymail

ဟာလန်းရဲ့ ဖခင် ဖြစ်သူ အယ်လ်ဖီ အင့်ချ်က “အခြားအသင်းမှာ ဘယ်လို ဖြစ်သွားမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ကောင်းရင်လည်း ကောင်းသွားနိုင်ပါတယ်။ ဒီအတွက် ဘယ်တော့မှ အဖြေမရခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သူ ပြောင်းသွားတဲ့ အသင်းနဲ့ အလွန် ပျော်ကြပါတယ်။ ကျွန်တော့်သားက နည်းပြ တစ်ဦးပဲ စိတ်ဝင်စားတဲ့ အသင်းကို သွားစရာလား။ တစ်သင်းလုံးက စိတ်ဝင်စားတဲ့ အသင်းကိုပဲ သွားရမှာပေါ့။ ဒါတွေအပြင် အရေးကြီးဆုံးအရာက အသင်းအနေနဲ့ လွန်ခဲ့တဲ့ (၅) နှစ် ဒါမှမဟုတ် (၁၀) နှစ်မှာ အခြေအနေ ဘယ်လို ရှိခဲ့တာလဲ ဆိုတာ နဲ့ သူတို့ ဘယ်လို လမ်းကြောင်းနဲ့ ဆက်သွားကြမလဲ ဆိုတာပါပဲ”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။