ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ အထောင်တိုက်စစ် ကစားသမားတစ်ဦးကို မခေါ်ယူနိုင်ခဲ့တဲ့အတွက် လက်ရှိမှာ အသင်းတိုက်စစ်ပိုင်း လိုအပ်ချက်တွေနဲ့ ကြုံနေရတဲ့ မန်စီးတီးအသင်းအနေနဲ့ လာမယ့် ဆောင်းစျေးကွက် ဒါမှမဟုတ် နွေစျေးကွက်အတွင်းမှာပဲ တိုက်စစ်မှူးသစ်တစ်ယောက်ကို အရခေါ်ယူဖို့ ပစ်မှတ်ထားလို့နေပြီး သူတို့ဘက်ကနေ ခေါ်ယူချင်နေတဲ့ ကစားသမားတွေထဲမှာ နော်ဝေတိုက်စစ်မှူး အာလင်းဟာလန်းလည်း အပါအဝင် ဖြစ်လို့နေပါတယ်။

Photo Credit : Sky Sports

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကတည်းက အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် စပါးတိုက်စစ်မှူး ဟာရီကိန်း အင်တာမီလန် တိုက်စစ်မှူး လူကာကူ (အခုချယ်လ်ဆီး)နဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့ကို ပစ်မှတ်ထားလာခဲ့သလို မြို့ခံပြိုင်ဘက် ယူနိုက်တက်ဆီကို ပြန်လည်ရောက်ရှိလာတဲ့ ရော်နယ်လ်ဒိုကိုလည်း ယူနိုက်တက်ဆီ မရောက်ရှိခင်မှာ ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် တိုက်စစ်ကစားသမား တစ်ဦးတစ်ယောက်မှကို ခေါ်ယူနိုင်ခြင်းမရှိပဲ အက်စတွန်ဗီလာအသင်းရဲ့ အင်္ဂလန် တောင်ပံကစားသမား ဂရီးလစ်ရှ်ကိုသာ ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ဒီလို အထောင်တိုက်စစ် နေရာအတွက် အားမဖြည့်ခဲ့မိတဲ့ မန်စီးတီးဟာ အသင်းသားတွေရဲ့ ဖန်တီးမှုတွေ လုပ်အားနှုန်းတွေ ကောင်းမွန်သလောက် အဆုံးသတ်ပိုင်း အားနည်းတာနဲ့ အသင်းမှာ အဆုံးသတ်ကောင်းမွန်တဲ့ တိုက်စစ်မှူးစစ်စစ် မရှိတာတွေကြောင့် တချို့ပွဲတွေမှာ သွင်းဂိုးတွေ နည်းပါးခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို လိုအပ်ချက်တွေကို ဖြည့်တင်းသွားဖို့အတွက် မန်စီးတီးအသင်းဟာ သူတို့ရဲ့ ပစ်မှတ်ဖြစ်နေရတဲ့ ဟာလန်းကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်လို့ထားပြီး ဟာလန်းကိုယ်တိုင်ကလည်း ဒေါ့မွန်ကို ရောက်ရှိလာကတည်းက စာချုပ်ထဲမှာ ထည့်သွင်းထားတဲ့ အချက်အလက်အရ လာမယ့်နွေမှာ သူရဲ့ ပေါင်(၆၈)သန်းတန် စာချုပ်လျော်ကြေးက စတင်သက်ရောက်တော့မှာဖြစ်လို့ မန်စီးတီးဘက်ကနေ နွေစျေးကွက်မှာပဲ ဟာလန်းကို အရခေါ်ယူဖွယ် ရှိနေပါတယ်။ ဟာလန်းလို တိုက်စစ်ပိုင်း အလွန်းအားကောင်းတဲ့ ကစားသမားတစ်ဦးကို ပေါင်(၆၈)သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ့် ကိစ္စမျိုးကို မန်စီးတီးအပြင် ယူနိုက်တက် ချယ်လ်ဆီး ပီအက်စ်ဂျီ ဘိုင်ယန်မြူးနစ် ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကနေ အပြိုင်အဆိုင်ကို စိတ်ဝင်စားနေကြတာကြောင့် ဒီလို အခြေအနေကို ဟာလန်းရဲ့ အေးဂျင့်ဖြစ်တဲ့ ရိုင်ယိုလာက အခွင့်ကောင်းယူကာ ဟာလန်းကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတိုင်း သူ့အတွက် အေးဂျင့်ကြေးအဖြစ် ပေါင်(၄၇)သန်းအထိပါ တောင်းဆိုလာနိုင်တာကြောင့် ဟာလန်းရဲ့ အပြောင်းအရွှေ့က သန်းတစ်ရာကျော်လာနိုင်ခြေ ရှိနေပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးအသင်းဘက်ကတော့ ရိုင်ယိုလာရဲ့ အေးဂျင့်ကြေးကိုလည်း ပေးချေပြီး ဟာလန်းကို အရခေါ်ယူသွားဖို့ကိုသာ ဆက်လက်စိတ်ဝင်စားနေဆဲ ဖြစ်တယ်လို့ သိရှိရပါတယ်။