MySport Myanmar

ဟာလန်းက သူတို့အတွက် အရမ်း အန္တရာယ်ရှိတဲ့ ကစားသမားလို့ အန်ဆလော့တီ ဆို

မန်ချက်စတာစီးတီးအသင်းရဲ့ နော်ဝေ တိုက်စစ်ကစားသမား အာလင်းဟာလန်းက သူတို့ ရီးယဲလ်မက်ဒရစ်အသင်းအတွက် အရမ်းကို အန္တရာယ်ရှိတဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့ ရီးယဲလ်နည်းပြကြီး ကားလို့အန်ဆလော့တီက သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : CNN

ဒီနှစ်ရာသီမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ဟာလန်းဟာ သူရဲ့ စီးတီး ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဘယ်ကစားသမားမှ မပိုင်ဆိုင်ဖူးသေးတဲ့ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး စံချိန်ကို ပိုင်ဆိုင်ထားခဲ့သလို ပြိုင်ပွဲစုံမှာဆိုရင်လည်း စုစုပေါင်း (၅၁)ဂိုးအထိပါ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူးမျိုးနဲ့ ရင်ဆိုင်သွားရဖို့ ရှိနေတဲ့ ရီးယဲလ် ခံစစ်ပိုင်းမှာ အဓိက နောက်ခံလူဖြစ်တဲ့ မီလီတာအို ပွဲပယ်ခံထားရတာက ရီးယဲလ်အတွက် ထိုးနှက်ချက် ဖြစ်နိုင်ပေမယ့် သူတို့ဘက်က အကောင်းဆုံး ပြင်ဆင်လာမယ်လို့ အန်ဆလော့တီက ပြောဆိုလိုက်ပါတယ်။

Photo Credit : Sport Brief

“သူက အရမ်းကို အန္တရာယ်များတဲ့ ကစားသမားပါ။ ဂိုးတွေ သွင်းယူခဲ့တဲ့အခါ သူ့ပုံစံက မယုံနိုင်လောက်အောင်ကို အထင်ကြီးစရာ ဖြစ်နေရပါတယ်။ ဒါက သိသာထင်ရှားပါတယ်။ ဒါပေမယ့် ဟာလန်းအကြောင်း ပြောရတာက ကစားသမားတစ်ဦးတည်းကို ပြောချင်တာမျိုး မဟုတ်ပဲ များပြားလှစွာသော ideas တွေနဲ့ ဖိအားပေးတတ်တဲ့ ပြီးပြည့်စုံသော အသင်းတစ်သင်း အကြောင်းကိုပါ ပြောချင်တာပါ။ ကျွန်တော်တို့ရဲ့ game plan အရဆိုရင်လည်း ဟာလန်းတစ်ဦးတည်းကိုသာ တားဆီးဖို့ မဟုတ်ပါဘူး။ ရပ်တန့်လို့ မရနိုင်တဲ့ အသင်းကို အတော်အတန် တားဆီးနိုင်ဖို့ပါ။ ဒီလို လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အနိုင်ရသွားနိုင်ပါတယ်။” လို့ အန်ဆလော့တီက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Yahoo! Sports

ရီးယဲလ်အသင်းဟာ အခုပွဲမတိုင်ခင် စပိန် ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ ဖိုင်နယ်မှာ အိုဆာဆူနာအသင်းကို အနိုင်ရခဲ့တာကြောင့် အကြိမ် (၂၀)မြောက် ကိုပါဒယ်ရေး ချန်ပီယံ ဖြစ်လာခဲ့ရပြီး ဒီလို အသင်းနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ကိုပါဒယ်ရေးဖလားကို သိမ်းပိုက်နိုင်ခဲ့ခြင်းက စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲအတွက် စိတ်ခွန်းအား ဖြစ်နေလိမ့်မယ်လို့ နည်းပြကြီး အန်ဆလော့တီက ကြွေးကြော်လိုက်ပါတယ်။

Exit mobile version