နော်ဝေတိုက်စစ်ကစားသမားလေး အာလင်းဟာလန်းကို အခုလရဲ့ ဆောင်းရာသီ ဘောလုံးသမား အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာပဲ ကလပ်အသင်းတချို့ကနေ ခေါ်ယူသွားချင်နေတယ်ဆိုပြီး သတင်းတွေ ဆက်တိုက်ကို ထွက်ပေါ်လာပေမယ့် ကစားသမားကိုယ်တိုင်ကတော့ အခုစျေးကွက်ထဲမှာ အသင်းအပြောင်းအလဲ လုပ်ဆောင်သွားမှာ မဟုတ်ပဲ ဒေါ့မွန်မှာပဲ ဆက်လက်ရှိနေမယ်လို့ အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bavarian Football Works

အသက်(၂၁)နှစ်အရွှယ်ရှိ နော်ဝေလက်ရွေးစင် လူငယ်တိုက်စစ်ကစားသမားလေး ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ခြေစွမ်းပြပြီး သွင်းဂိုးတွေများစွာ သွင်းယူပေးနေတာကြောင့် သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြသလို ဟာလန်းကလည်း ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့တုန်းက ဒေါ့မွန်နဲ့ ဘောလုံးရာသီ (၃)ရာသီ ဖြတ်သန်းပြီးတဲ့နောက် ယူရို(၇၅)သန်းတန် စာချုပ်လျော်ကြေး စတင်သက်ရောက်ရမယ်လို့ အချက်အလက်တစ်ခုကို ထည့်သွင်းထားတာမို့ ဒီအတွက်ကိုလည်း ကလပ်အသင်းမာျးစွာက အပြိုင်ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီလိုအခြေအနေအပြင် အခုလထဲမှာ စတင်ဖွင့်လှစ်နေပြီဖြစ်တဲ့ ဆောင်းစျေးကွက်အတွင်းမှာပဲ ဟာလန်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ကမ်းလှမ်းသွားမယ် ဒါမှမဟုတ် လာမယ့် နွေမှာ ခေါ်ယူနိုင်ဖို့အတွက ကြိုတင်သဘောတူညီမှုတွေ ရရှိထားဖို့အတွက် ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေကပါ ဆက်တိုက် ထွက်ပေါ်နေရပါတယ်။ ဒါပေမယ့် ဟာလန်းကတော့ ဇန်နဝါရီလထဲ ဒေါ့မွန်အသင်းကနေ ထွက်ခွာသွားဖို့ အစီအစဉ် မရှိသလို လာမယ့်နွေစျေးကွက်မှာပါ ဘယ်အသင်းကို ပြောင်းရွှေ့သွားရမလဲ ဆိုတာကို မစဉ်းစားရသေးဘူးလို့ ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ဖာဘရီဇီယိုရဲ့ ဖော်ပြချက်တွေထဲမှာ ဟာလန်းအနေနဲ့ လာလီဂါ ထိပ်သီးအသင်းကြီးနှစ်သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် ဘာစီလိုနာအသင်းတွေနဲ့ပါ အကြိုသဘောတူညီမှု ဘာတစ်ခုမှ မရထားသေးကြောင်းနဲ့ အခုလအတွင်းမှာ ဟာလန်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာမှ ထူးခြားလာမှာ မဟုတ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်တက်အသင်းက ရန်းနစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တုန်းက ဟာလန်းကို ယူနိုက်တက်ဆီ ခေါ်ဆောင်နိုင်မယ်ဆိုရင် အပိုဆုကြေး ချီးမြှင့်သွားမယ်ဆိုတဲ့ သတင်းတွေဟာလည်း အတုအယောင်သာ ဖြစ်တယ်လို့ ဖာဘရီဇီယိုက တု့ံပြန်ထားခဲ့ပါတယ်။