နွေစျေးကွက် မဖွင့်လှစ်သေးပေမယ့်လည်း ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ မကုန်ဆုံးခင်မှာ တကယ့်ကို biggest transfer ကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ကတော့ မန်ချက်စတာစီးတီးအသင်းက ဒေါ့မွန်အသင်းရဲ့ နော်ဝေတိုက်စစ်မှူးလေး အာလင်းဟာလန်းကို ခေါ်ယူလိုက်နိုင်တဲ့ အပြောင်းအရွှေ့ကြီးတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ ဟာလန်းကို အလိုရှိနေတဲ့ ကလပ်အသင်းတွေ များစွာရှိနေတဲ့ကြားက ဟာလန်းကိုယ်တိုင် အသင်းတွေအားလုံးအနက် မန်စီးတီးကိုပဲ ရွေးချယ်လိုက်ရတဲ့ အကြောင်းအရင်းတွေကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်။

Erling Haaland Transfer: Haaland Joins Manchester City Untill 2027

Photo Credit : Football Rabbit

ပထမဆုံးတစ်ချက်ဆိုရင်တော့ ဟာလန်းရဲ့ဖခင် အယ်လ်ဖီးဟာလန်းက မန်စီးတီးအသင်းမှာ ၂ဝဝဝခုနှစ်ကနေ ၂၀၀၃ခုနှစ်အထိ ပါဝင်ကစားခဲ့ဖူးသူဖြစ်လို့ ဟာလန်းအနေနဲ့ သူရဲ့ဖခင်ရဲ့ခြေရာကို လိုက်နင်းချင်တာကြောင့် ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ဆိုရင်တော့ လက်ရှိမှာ အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဟာလန်းဟာ ဥရောပထိပ်တန်း ကလပ်အသင်းကြီး တစ်သင်းမှာ ကာလရှည်ကြာ ပါဝင်ကစားသွားချင်တဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက်ရှိ အနေအထားအရဆိုရင်လည်း မန်စီးတီးအသင်းက ဟာလန်း တစ်ဦးတည်းကိုသာ no(9) role နေရာမှာ ပုံမှန်အသုံးပြုဖွယ်ရှိလို့ တစ်ရာသီအတွင်းမှာလည်း ပွဲကစားခွင့် အမြောက်အများ ရရှိနိုင်ပါတယ်။

Photo Credit : Clutch Points

နောက်တစ်ချက် အဓိကကျတဲ့ အကြောင်းအရင်းက မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာလက်အောက်မှာ ပါဝင်ကစားချင်တာကြောင့်နဲ့ ဟာလန်းကိုယ်တိုင် ဂွာဒီယိုလာကို လေးစားသဘောကျတာကြောင့် အခုလို စီးတီးကို ရွေးချယ်ရတာ ဖြစ်နိုင်ခြေ အရှိဆုံးပါပဲ။ နောက်ပြီး မန်စီးတီးရဲ့ အဓိကကျတဲ့ ကစားသမားတွေဖြစ်တဲ့ ကယ်ဗင်ဒီဘရိုင်းနား ဖေးလ်ဖိုဒန်တို့လို ကစားသမားတွေနဲ့ပါ တစ်သင်းတည်းမှာ အတူတူ တွဲဖက်ကစားဖို့ကိုလည်း စိတ်အားထက်သန်နေလို့ ဟာလန်းအနေနဲ့ အခြားအသင်းတွေထက် မန်စီးတီးကို ရွေးချယ်တာ ဖြစ်နိုင်ပါတယ်။ ဒီဘရိုင်းနားရဲ့ ဖန်တီးမှု ဟာလန်းရဲ့ အဆုံးသတ်တွေနဲ့ မန်စီးတီးရဲ့ တိုက်စစ်အခင်းအကျင်းက အလွန်ကို စိတ်လှုပ်ရှားစရာ ဖြစ်လာပါလိမ့်မယ်။ နောက်ဆုံးအချက်ကတော့ မန်စီးတီးအသင်းဟာ ဘောလုံးရာသီတိုင်းလိုလိုမှာ သူတို့အသင်း ဝင်ရောက်ဆင်နွဲရတဲ့ ပြိုင်ပွဲတိုင်းမှာ ဆုဖလား အောင်မြင်မှုတွေအတွက် စိန်ခေါ်နိုင်ဆုံး အသင်းတစ်သင်း ဖြစ်နေတာကြောင့် အခုလို မန်စီးတီးကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်နိုင်ပါတယ်။