MySport Myanmar

ဟာလန်းက ဒေါ့မွန်နဲ့ ပွဲမတိုင်ခင်မှာပဲ အဖျားဝေဒနာ ခံစားနေရတယ်လို့ ဂွာဒီယိုလာ ဆို

မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ပထမပိုင်း ပွဲကစားချိန်သာ ပါဝင်ကစားသွားခဲ့ရတဲ့ တိုက်စစ်မှူး အာလင်းဟာလန်းရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ဟာလန်းဟာ ဒေါ့မွန်နဲ့ ပွဲစဉ်မတိုင်ခင်ကတည်းက အဖျားဝေဒနာကို ခံစားနေရတဲ့အတွက် ပထမပိုင်းအပြီးမှာပဲ အနားပေးလိုက်တာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Photo Credit : Daily Mail

နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ သူ့အသင်းဟောင်း ဒေါ့မွန်ကို Signal Iduna Park ကွင်းမှာ ပြန်လည် ရင်ဆိုင်ရချိန် ပထမပိုင်း (၄၅)မိနစ်သာ ပါဝင်ခဲ့ရပြီး ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာပဲ ဘာနာဒိုဆေးလ်ဗားနဲ့ လူစားလဲခံခဲ့ရကာ ဒုတိယပိုင်း တစ်ပိုင်းလုံးကို အရန်ခုံကနေသာ ထိုင်ကြည့်နေခဲ့ရပါတယ်။ ဒီရာသီမှာ ပြိုင်ပွဲစုံ (၂၂)ဂိုးအထိ သွင်းယူထားတဲ့ တိုက်စစ်မှူးတစ်ဦးကို အခုလို မထင်မှတ်ထားတဲ့ အချိန်မှာ လူစားလဲခဲ့ရတာနဲ့ ပတ်သတ်ပြီး စီးတီးနည်းပြ ဂွာဒီယိုလာက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

“အာလင်းက နေလို့မကောင်းပါဘူး။ ဒီပွဲ မကစားခင်မှာ သူ အဖျားနည်းနည်း ရှိနေတယ်။ ဂျာအိုလည်း အတူတူပါပဲ။ သူလည်း ခြေထောက်မှာ အဆင်မပြေ ဖြစ်နေရတယ်။ သူတို့ကို ကြည့်ရတာ မောပန်းပြီး ခြေကုန်လမ်းပန်းကျသလို ဖြစ်နေတယ်။ ဒီကာလတွေမှာဆိုရင် ကျွန်တော်တို့တွေ အမြဲတမ်း အများကြီး ရုန်းကန်နေရတတ်တယ်” လို့ နည်းပြဂွာဒီယိုလာက ရှင်းလင်းသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်တောင် မရှိခဲ့တဲ့ မန်စီးတီးဟာ ဒုတိယပိုင်းမှာတော့ ကစားပုံ ပိုကောင်းလာခဲ့ပြီး အမ်မရီချန်ကြောင့် ပင်နယ်တီကန်ခွင့်ပါ ရရှိခဲ့ပေမယ့် ကိုပင်ဟေဂင်နဲ့ပွဲမှာ ပင်နယ်တီ လွဲချော်ထားခဲ့တဲ့ မာရက်ဇ်ကပဲ ထပ်မံ ကန်သွင်းခဲ့ရာ ဒေါ့မွန်ဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ (၂)ပွဲဆက်တိုက် ဂိုးမရှိ သရေကျခဲ့တဲ့ မန်စီးတီးအသင်းဟာ ရှုံးထွက် (၁၆)သင်းအဆင့်ကို တတ်လှမ်းထားနိုင်ခဲ့ပြီ ဖြစ်သလို ဒေါ့မွန်ကိုပါ သရေကစားပြီးနောက် အုပ်စုဗိုလ်နေရာကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒေါ့မွန်နဲ့ပွဲမှာ ပထမပိုင်းသာ ပါဝင်ထားခဲ့ရပေမယ့် လာမယ့် စနေနေ့ ကင်းပါဝါမှာ လက်စတာအသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကိုတော့ ပါဝင်ရဖွယ် ရှိနေပြီး နောက်ဆုံး (၃)ပွဲဆက် ပေးဂိုးမရှိအောင် ကစားထားနိုင်တဲ့ လက်စတာခံစစ်ကို ဟာလန်းက ဘယ်လို ထိုးဖောက်နိုင်မလဲဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။

Exit mobile version