လာမယ့်နှစ် နွေစျေးကွက်မတိုင်ခင် အခုဆောင်းစျေးကွက် အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာပဲ အသင်းအပြောင်းအလဲ လုပ်လာနိုင်ဖွယ် ရှိနေတဲ့ ဒေါ့မွန်တိုက်စစ်ကစားသမား အာလင်းဟာလန်းကို ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ ခေါ်ယူသွားဖို့ အပြိုင်ပစ်မှတ်ထားနေကြပြီး ဒီအသင်းတွေထဲကမှ မန်ချက်စတာယူနိုက်တက်အသင်းကိုသာ ရွေးချယ်ဖြစ်ခဲ့မယ်ဆိုရင် ဟာလန်းရဲ့ အနှစ်သက်ဆုံးသော ကျောနံပါတစ်ခုဖြစ်တဲ့ နံပါတ်(၉)ကို ဝတ်ဆင်ခွင့် ရရှိနိုင်တယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကနေ ဒေါ့မွန်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် သူရဲ့ပြောင်မြောက်လှတဲ့ ဂိုးသွင်းစွမ်းရည်တွေကို ဆက်လက်ပြသနိုင်ခဲ့ပြီး ဒေါ့မွန်အသင်းရဲ့ အဓိကအကျဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့် ဟာလန်းရဲ့အေးဂျင့်ဖြစ်တဲ့ ရိုင်ယိုလာရဲ့ လက်ချက်ကြောင့် ဒေါ့မွန်အသင်းဘက်ကနေ လာမယ့်နွေရာသီမှာပဲ ဟာလန်းကို ယူရို(၇၅)သန်းနဲ့ လက်လွတ်ပေးရနိုင်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ဟာလန်းကိုယ်တိုင်ကလည်း ဒေါ့မွန်ထက် ပိုမိုကြီးမားတဲ့ ကလပ်အသင်းကြီးတစ်ခုဆီကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေသလို ဒေါ့မွန်ဘက်ကလည်း ဟာလန်းရဲ့ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပိုမိုရရှိချင်တာကြောင့် လာမယ့်ဆောင်းစျေးကွက်မှာပဲ ဟာလန်းကို သူတို့အလိုရှိတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားဖွယ် ရှိနိုင်ပါတယ်။

Photo Credit : Mirror

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဟာလန်းကို တိုက်စစ်ပိုင်းအတွက် လိုအပ်ချက်တွေ ရှိလို့နေတဲ့ ကလပ်အသင်းကြီးတွေက အဓိက ဦးစားပေး ကမ်းလှမ်းဖွယ် ရှိလာနိုင်ပြီး ကာဗာနီ မာစီယဲလ်တို့ကို လက်လွတ်ရဖွယ် ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဟာလန်းကို ကမ်းလှမ်းမယ့် ကလပ်အသင်းတွေထဲမှာ ပါဝင်လာနိုင်ပါတယ်။ တကယ်လို့ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်သာ ဆီဗီလာ ဒါမှမဟုတ် သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်း တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် ဟာလန်းအနေနဲ့ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာတဲ့အခါ သူနှစ်သက်တဲ့ ကျောနံပါတ် (၉)ကို ဝတ်ဆင်ကစားခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။ ဟာလန်းဟာ သူရဲ့လက်ရှိကလပ် ဒေါ့မွန်အသင်းမှာလည်း အထောင်တိုက်စစ်မှူးတစ်ဦး ဝတ်ဆင်ရလေ့ရှိတဲ့ ကျောနံပါတ်(၉)ကို ဝတ်ဆင်နေရတာဖြစ်ပြီး တကယ်လို့ အသင်းအပြောင်းအလဲ ပြုလုပ်ရမယ်ဆိုရင်လည်း သူနှစ်သက်တဲ့ ကျောနံပါတ်(၉)ကိုသာ ဆက်လက်ဝတ်ဆင်သွားချင်နေတာ ဖြစ်ပါတယ်။ လက်ရှိ ဟာလန်းကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲမှာ မန်စီးတီး(ဂျေဇူး) ဘိုင်ယန်မြူးနစ်(လီဝန်ဒေါစကီး) ရီးယဲလ်မက်ဒရစ်(ဘန်ဇီမာ)တို့မှာ ကျောနံပါတ်(၉)တွေကို အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေဆီ ပေးအပ်ထားတာဖြစ်လို့ ဟာလန်းအနေနဲ့ ကျောနံပါတ်(၉)လည်း ရရှိနိုင်မယ့်အပြင် သူနဲ့ပါ လက်တွဲခဲ့ဖူးတဲ့ နည်းပြကြီးရန်းနစ်ရှိရာ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာဖို့က ဖြစ်နိုင်ခြေ ပိုများနေရပါတယ်။