ဘရန့်ဖို့ဒ်အသင်းရဲ့ ဒိန်းမတ် ဝါရင့် ကွင်းလယ်ဖန်တီးရှင် ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲတုန်းက နှလုံးပြသာနာကြောင့် အသက်ဆုံးရှုံးနိုင်မယ့် အခြေအနေဆိုးကြီးနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ထားခဲ့ရတာဖြစ်ပေမယ့် လက်ရှိမှာတော့ သူရဲ့ ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းခွင့် ရရှိနေသလို တချိန်ချိန်မှာလည်း ဥရောပရဲ့ အကြီးမားဆုံး ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ပြန်လည် ပါဝင်ဆင်နွဲခွင့် ရရှိချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Christian Eriksen Tottenham Leicester transfer

Photo Credit : CaughtOffside

အသက်(၃၀)အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း နှလုံးအမောဖောက်ပြီး ကွင်းထဲ လဲကျခဲ့ရာကနေ ဘောလုံးဆက်ကစားဖို့ ခက်ခဲသွားခဲ့ရပြီး ကုသမှုတွေပါ ဆက်တိုက်ခံယူခဲ့ရင်း ဘောလုံးသမားဘဝကိုပါ အဆုံးသတ်ရမလိုပါ ဖြစ်ခဲ့ရပါတယ်။ နှလုံးစက်တပ်ပြီး ဘောလုံးသမားဘဝကို ရှေ့ဆက်ဖို့ အကြောင်းဖန်လာခဲ့တဲ့ အဲရစ်ဆင်ဟာ အင်တာမီလန်နဲ့အတူ စီးရီးအေမှာ ဘောလုံးဆက်ကစားဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း အီတလီ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကြောင့် စီးရီးအေမှာ ဘောလုံးကစားခွင့် မဖြစ်နိုင်တော့ချိန်မှာ အဲရစ်ဆင်အနေနဲ့ ပရီးမီးယားလိဂ်ကိုသာ တကျော့ပြန် ရောက်ရှိလာပြီး ဘရန့်ဖို့ဒ်အသင်းနဲ့ ကာလတိုစာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

Photo Credit : Goal

အဲရစ်ဆင်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူရဲ့လက်ရှိကလပ် ဘရန့်ဖို့ဒ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး ဘရန့်ဖို့ဒ်က အဲရစ်ဆင်ကို သက်တမ်းထပ်တိုးဖို့ စီစဉ်လုပ်ဆောင်လျက် ရှိနေသလို ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ များစွာပိုင်ဆိုင်ထားတဲ့ အဲရစ်ဆင်ကိုလည်း သူရဲ့အသင်းဟောင်း တော့တင်ဟမ် အပါအဝင် မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတချို့က အလိုရှိနေကြပြီး အဲရစ်ဆင်သာ ဘရန့်ဖို့ဒ်နဲ့ ဆက်လက် သက်တမ်းမတိုးတော့ဘူးဆိုရင် ဒီကလပ်အသင်းတွေက အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒိန်းမတ်လက်ရွေးစင်အသင်းနဲ့အတူ ကာတာနိုင်ငံမှာ ကျင်းပသွားတော့မယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲချင်နေတဲ့ အဲရစ်ဆင်ဟာ သူ့အနေနဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ထပ်မံယှဉ်ပြိုင်ချင်သေးတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အဲရစ်ဆင်က “ကျွန်တေ်ာ ချန်ပီယံလိဂ်မှာ ဘောလုံးပြန်ကစားချင်ပါတယ်။ ဒါက ဘယ်လောက် ပျော်စရာကောင်းလဲဆိုတာ သိပေမယ့်လည်း ဒီဟာကို ပြန်ကစားရဖို့ ဆိုတာကလည်း ကျွန်တော့်အတွက်တော့ မရှိမဖြစ် မဟုတ်ပါဘူး” လို့ပြောဆိုသွားခဲ့ပါတယ်။ အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ် (၁၀)ပွဲ ပါဝင်ကစားထားပြီး (၁)ဂိုး သွင်း (၄)ဂိုးထိ ဖန်တီးထားနိုင်ခဲ့ပါတယ်။