လာမယ့်နွေရာသီမှာ စပါးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ရှိနေပေမယ့် ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်မှာပဲ အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့ကြေးအနည်းငယ်လောက် ပြောင်းရွှေ့့လာခဲ့တဲ့ ခရစ္စတီယန်အဲရစ်ဆင်ကတော့ အသင်းသစ်အင်တာအတွက် ပွဲအနည်းငယ်လေးသာ ပါဝင်ခဲ့ရပြီးနောက်မှာ တစ်ကမ္ဘာလုံး ရင်ဆိုင်ခံစားနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးကြောင့် ဘောလုံးကစားခွင့်တွေ မရှိတော့သလို လက်ရှိ အီတလီနိုင်ငံ မီလန်မြို့့မှာ နေရေးထိုင်ရေး အခက်အခဲတွေ့နေရပြီး အင်တာအသင်းကနေပါ သူရဲ့နေထိုင်ရေးကို စီစဉ်ပေးထားရတယ်လို့ သိရှိရပါတယ်။

Photo Credit : TEAMtalk

အသက်(၂၈)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ စပါးကနေ အင်တာမီလန်အသင်းဆီကို ပေါင်(၁၇)သန်းဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၈)ပွဲခန့်ပဲ ကစားခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် (၂)လလောက်အထိ ဘောလုံးကစားခဲ့ရခြင်းမရှိသလို ဗိုင်းရပ်စ်မဖြစ်ခင်တုန်းက နေအိမ်ကြိုတင်ရှာဖွေထားခြင်းမရှိတာကြောင့် လတ်တလော အင်တာအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ အသင်းရဲ့ဝန်ထမ်းတွေ စားဖိုမှူးတွေနဲ့ အတူနေထိုင်နေရလျက်ရှိတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

ဒီလို နေထိုင်ရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ အဲရစ်ဆင်က သူရဲ့အင်တာမီလန်အသင်းဖော်တွေဖြစ်ပြီး သူ့လို ပရီးမီးယားလိဂ်ကနေ အင်တာဆီကို ရောက်ရှိလာခဲ့တဲ့ ကစားသမားတွေဖြစ်သော လူကာကူနဲ့ အက်ရှ်လေယန်းတို့ နေထိုင်နေတဲ့ မီလန်မြို့အတွင်းက နေအိမ်တွေမှာ သွားရောက်နေထိုင်ဖို့အထိပါ စိတ်ကူးခဲ့ပေမယ့်လည်း သူတို့(၂)ယောက်က နေအိမ်တွေမှာ မိသားစုဝင်တွေ နေထိုင်နေတာဖြစ်လို့ သွားရောက်နေထိုင်ရမှာကို အားနာသလို သူများနေအိမ်မှာ ရက်ပေါင်းများစွာနေထိုင်ရတာကလည်း လွတ်လပ်မှုမရှိလို့ အင်တာအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာပဲ ယာယီနေထိုင်ရတာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အဲရစ်ဆင်ဟာ သူ့အတွက် မဖြစ်မနေ လိုအပ်နေတဲ့ ပစ္စည်းတွေကို ထွက်ဝယ်ရမှာလည်း အီတလီနိုင်ငံအတွင်း ထုတ်ပြန်ထားတဲ့ Lockdown ဥပဒေကို ချိုးဖောက်သလို ဖြစ်ခဲ့ရလို့ သူ့ကို ရဲတပ်ဖွဲ့ဝင်တွေက ခေါ်ယူသတိပေးခဲ့ရပါတယ်။ အီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ဆိုးဆိုးရွှားရွှားခံစားခဲ့ရတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။