ပြီးခဲ့တဲ့ စနေနေ့မှာ ကစားခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ဖင်လန်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ယူရို ၂၀၂၀ပြိုင်ပွဲ အုပ်စု B အဖွင့်ပွဲစဉ်မှာ ရုတ်တရတ် နှလုံးရှော့ခ် ဖြစ်ကာ ကွင်းအတွင်း လဲကျ မေ့မြောခဲ့တာကြောင့် အရေးပေါ် ဆေးကုသမှုတွေ ခံယူထားရတဲ့ ဒိန်းမတ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ကွင်းလယ်လူ အဲရစ်ဆင်ဟာ လက်ရှိမှာတော့ စိုးရိမ်စရာ မလိုတော့တဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ ဒိန်းမတ်အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ အဲရစ်ဆင်ဟာ ဖင်လန်အသင်းနဲ့ ယှဉ်ပြိုင် ကစားတဲ့ ပွဲစဉ်ရဲ့ ပထမပိုင်း ပြီးဆုံးဖို့ ၅မိနစ်ခန့် အလိုမှာ လက်ပစ်ဘောက ပေးပို့တဲ့ ဘောလုံးကို လက်ခံဖို့ လုပ်နေရင်း ရုတ်တရတ် လဲကျကာ မေ့မြောခဲ့တာ ဖြစ်တာကြောင့် သူ့ကို အရေးပေါ် အသက်ကယ်မှု ဖြစ်တဲ့ CPR လုပ်ပေးခဲ့ရသလို နီးစပ်ရာ ဆေးရုံတရုံဆီကို အမြန် ပို့ကာ အခြေအနေ ပြန်လည် တည်ငြိမ်လာအောင် ကုသမှုတွေ ပြုလုပ်ပေးခဲ့ရပါတယ်။

Photo Credit: Metro

အဲရစ်ဆင်ရဲ့ ဖြစ်ရပ်ဟာ ကမ္ဘာ့ဘောလုံးလောက တခုလုံးကို တုန်လှုပ်သွားစေတဲ့ ဖြစ်ရပ်တခု ဖြစ်ပြီး အဲရစ်ဆင်ရဲ့ အသင်းဟောင်းတွေ ၊ အသင်းဖော်တွေ သာမက ဘောလုံးလောကရဲ့ နာမည်ကြီး ကစားသမားတွေ ၊ နာမည်ကြီး ကစားသမားဟောင်းတွေနဲ့ ဘောလုံးချစ် ပရိသတ်တွေ အကုန်လုံးက အဲရစ်ဆင် အမြန်ဆုံး ပြန်လည် သက်သာလာစေဖို့ ဆုတောင်းမှုတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။ လက်ရှိမှာတော့ အဲရစ်ဆင်ဟာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ အသက်အန္တရာယ် မစိုးရိမ်ရတော့ပေမယ့် သူ့ရဲ့ နှလုံးကို စစ်ဆေးမှုတွေ ဆက်တိုက် ပြုလုပ်နေသလို အကယ်၍ သူ့ရဲ့ နှလုံးမှာသာ ကုသရ ခက်ခဲတဲ့ ရောဂါတစုံတရာ ရှိနေခဲ့မယ် ဆိုရင်တော့ အဲရစ်ဆင်အနေနဲ့ အချိန်မတိုင်ခင်မှာပဲ သူ့ရဲ့ ဘောလုံးသမား ဘဝကို အနားယူရဖွယ် ရှိနေပါတယ်။

Photo Credit: Metro

အဲရစ်ဆင်က သူ့အတွက် ဆုတောင်းပေးနေသူ အားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ သူဟာ ဒီဖြစ်ရပ်ဆိုးကို အလွယ်တကူ အရှုံးပေးသွားမှာ မဟုတ်ကြောင်း သတင်းစကား ပါးခဲ့တယ်လို့ အဲရစ်ဆင်ရဲ့ အေးဂျင့်ဖြစ်သူက ယနေ့ နေ့လည်ပိုင်းမှာ ပြောကြား သွားခဲ့ပါတယ်။ အဲရစ်ဆင်ဟာ “စိတ်ပူပေးခဲ့တဲ့ လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အရှုံးပေးသွားမှာ မဟုတ်ပါဘူး။ အခုတော့ ပြန်ပြီး သက်သာနေပါပြီ။ ဒါပေမယ့် ကျွန်တော် ဘာတွေ ဖြစ်သွားလဲ ဆိုတာနဲ့ ပတ်သတ်ပြီး သိချင်နေပါသေးတယ်။ ခင်ဗျားတို့ အားလုံး ကျွန်တော့် အတွက် လုပ်ဆောင်ပေးခဲ့တာတွေ အပေါ် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” ဆိုပြီး သူ့ရဲ့ အေးဂျင့်ကို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ အဲရစ်ဆင်ရေ အသန်မာဆုံး ပုံစံနဲ့ ပြန်လာခဲ့ပါကွာ…။