MySport Myanmar

FA Cup ကို အာရုံစိုက်ပြီး ယှဉ်ပြိုင်သွားဖို့ အသင်းဖော်တွေကို အဲရစ်ဆင် တိုက်တွန်း

ကမ္ဘာ့ဘောလုံးနယ်ပယ်မှာ သက်တမ်းအရင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ FA Cup ရှုံးထွက်ဖလားပြိုင်ပွဲကို ပိုမို အာရုံစိုက်ပြီး ယှဉ်ပြိုင်သွားကြဖို့နဲ့ FA Cup ဖလားကို အရယူဆောင်နိုင်ဖို့အတွက် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင်က အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလန်မြေမှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ကျင်လည် ဖြတ်သန်းခဲ့ဖူးတဲ့ အဲရစ်ဆင်ဟာ လိဂ်ဖလား တစ်လုံးသာ ရယူနိုင်ခဲ့ပြီး မနှစ်ကတော့ FA Cup ပြိုင်ပွဲရဲ့ ဖိုင်နယ်အထိ ပထမဆုံးအကြိမ် တက်လှမ်းထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Manchester United

အဲရစ်ဆင်က လိဂ်ဖလားကို ယူနိုက်တက်အသင်းနဲ့မှ ရရှိခဲ့တာ ဖြစ်သလို FA Cup ဖိုင်နယ်ကိုလည်း ယူနိုက်တက်နဲ့ပဲ တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာလည်း ယူနိုက်တက်က ဝီဂန်အသင်းနဲ့ FA Cup တတိယအဆင့်ကို Qယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပြိုင်ပွဲကိုလည်း အာရုံစိုက်သွားဖို့ အသင်းဖော်တွေကို အဲရစ်ဆင်က တိုက်တွန်းလိုက်ပါတယ်။

“ဒီပြိုင်ပွဲက ကမ္ဘာပေါ်မှာ သက်တမ်း အရင့်ဆုံး ပြိုင်ပွဲတစ်ခုလို့ ဟို့နေ့ကပဲ ကျွန်တော် ကြားခဲ့ပါသေးတယ်။ ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကျွန်တော် အင်္ဂလန်မှာ ရှိနေတာကလည်း ကြာပါပြီ။ FA Cup ဆိုတာကလည်း ကလပ်အသင်းတိုင်းရဲ့ ကစားသမားတွေ ပရိသတ်တွေအတွက် အမြဲတမ်း ထူးခြားနေတဲ့ အရာပါ။”

Photo Credit : beIN SPORTS

“နှစ်တစ်နှစ်ရဲ့အစမှာ ကျွန်တော်တို့တွေ ပြိုင်ဘက်အသင်းကို အနိုင်ယူပြီး နောက်အဆင့် တစ်ဆင့်ဆီ တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် ဒါဟာ အရမ်းကောင်းမွန်မယ်လို့ ကျွန်တော် ထင်ပါတယ်။ နှစ်သစ်မှာ ကျွန်တော်တို့တွေက ပွဲကစားဖို့လည်း အနည်းငယ်လေးသာ ရှိနေတော့အတွက်”

“ဒါက ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့တွေ ပိုပြီး အကောင်းဆုံး ယှဉ်ပြိုင်ရဖို့ အခွင့်အရေး ဖြစ်သွားသလို FA Cup အတွက်ကိုလည်း ကျွန်တော်တို့ အာရုံစိုက်သွားရပါမယ်။” လို့ ပြောဆိုသွားခဲ့ရပါတယ်။ လက်ရှိမှာတော့ အဲရစ်ဆင်က ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်နေပြီဖြစ်လို့ ယူနိုက်တက်အတွက် ပါဝင်နိုင်ပြီ ဖြစ်သလို အခု ဝီဂန်နဲ့ပွဲမှာလည်း ပါဝင်သွားရနိုင်ပါတယ်။

Exit mobile version