မကြာသေးမီကမှ ဘရန့်ဖို့ဒ်ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒိန်းမတ်ကြယ်ပွင့် ကွင်းလယ်လူ အဲရစ်ဆင်က သူဟာ ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်ကြောင့်သာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တာပါလို့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားပါတယ်။

အသက် ၃၀ အရွယ် ဒိန်းမတ်ကြယ်ပွင့် ကွင်းလယ်တိုက်စစ် ကစားသမား အဲရစ်ဆင်က ပြီးခဲ့တဲ့ ယူရို ၂၀၂၀ပြိုင်ပွဲမှာ ဒိန်းမတ်အတွက် ကိုယ်စားပြု ပါဝင် ကစားပေးနေရင်း ရုတ်တရတ် နှလုံးဖောက်ကာ ကွင်းအတွင်း သတိလစ်သွားခဲ့တာကြောင့် နှလုံးခုန်နှုန်း ပုံမှန် ပြန်ဖြစ်အောင် နှလုံးခုန်စက် တပ်ဆင်ထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

အဲရစ်ဆင်က နှလုံးခုန်စက် တပ်ဆင်ခဲ့ရပြီးနောက် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘူးလို့ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ်ဆီ ကာလတိုစာချုပ်နဲ့ ပြောင်းရွှေ့ ကစားရင်း သူ့မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲလို ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး လိဂ်တခုမှာတောင် ကစားနိုင်စွမ်း ရှိကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

အဲရစ်ဆင်က ဘရန့်ဖို့ဒ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပါအဝင် နာမည်ကြီးကလပ် အများစုက သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပေမယ့် အဲရစ်ဆင်ဟာ နှလုံးခွဲစိတ်မှု ပြုလုပ်ခဲ့ပြီးနောက် သူ့ကို အေဂျက်နဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် ပေးခဲ့တဲ့ အဲရစ် တန်ဟက်ဂ် ရှိရာ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Mirror

အဲရစ်ဆင်က မန်ချက်စတာ ယူနိုက်တက်ဆီ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝ ပထမဦးဆုံး အင်တာဗျူးမှာ သူဟာ တန်ဟက်ဂ်ရဲ့ နည်းစနစ်တွေနဲ့ အံဝင်မယ်လို့ ယုံကြည်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာတာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အဲရစ်ဆင်က – “ကျွန်တော့်အတွက် ယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့် ရခဲ့တာက အတော်လေး ထူးဆန်းပါတယ်။ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့် ရမယ်လို့တောင် ထင်ခဲ့တာ မဟုတ်ပါဘူး။ အခုတော့ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား တယောက်အနေနဲ့ အင်တာဗျူးတွေ ဖြေနေရပါပြီ။ ကျွန်တော့်အတွက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အဓိကကျစေခဲ့တဲ့ လူကတော့ တန်ဟက်ဂ်ပါပဲ။ ကျွန်တော်က ဒီနေရာကို ဘောလုံးကစားဖို့ ရောက်လာတာပါ။ အသင်းရဲ့ လိုဂိုတခုထဲ အတွက် ရောက်လာခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်က အပြောင်းအရွှေ့ အတွက် တန်ဟက်ဂ်နဲ့ စကားပြောခဲ့ပါတယ်။ သူက သူ့ရဲ့ ဘောလုံးအပေါ် ထားတဲ့ အတွေးအမြင်တွေ ၊ ကျွန်တော့်ကို ဘယ်လို အသုံးပြုမလဲ ဆိုတဲ့ အတွေးတွေကို ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့ စကားတွေကြောင့်ပဲ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။