ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ အဲရစ်ဆင်က သူတို့အသင်းဟာ ဆုဖလားတွေ ရယူနိုင်အောင် ကြိုးစားရမယ့် အချိန်ကို ရောက်နေပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ မန်ချက်စတာ ယူနိုက်တက်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ ယူနိုက်တက်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ရပေမယ့် ချက်ချင်းဆိုသလိုပဲ အသင်းနဲ့ အထိုင်ကျခဲ့ပါတယ်။

Photo Credit: Team Talk

ဒါကြောင့်လည်း အဲရစ်ဆင်က ဘရူနို ဖာနန်ဒက် ၊ ကတ်စ်မဲရိုးတို့နဲ့ တွဲဖက်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို ဦးဆောင်ခွင့် ရနေသလို သူက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

အဲရစ်ဆင်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ပြည်တွင်းလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ ရာခိုင်နှုန်း နည်းပါးနေပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲနဲ့ EFLပြိုင်ပွဲတို့မှာ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မယ့် အခွင့်အရေးတွေ ရှိနေဆဲ ဖြစ်ပြီး အဲရစ်ဆင်ကလည်း သူတို့အသင်းဟာ ဒီနှစ် ဘောလုံးရာသီမှာ ဆုဖလားတွေ ရယူနိုင်စွမ်း ရှိကြောင်းနဲ့ သူတို့က ဆုဖလားတွေနဲ့ ထိုက်တန်ကြောင်းကို သက်သေပြဖို့သာ လိုအပ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Team Talk

အဲရစ်ဆင်က – “ကျွန်တော်တို့အသင်းက ဖလားလက်မဲ့ ဖြစ်နေတာ အတော်လေး ကြာနေပါပြီ။ ကျွန်တော်တို့အသင်းရဲ့ အဆင့်အတန်းကြောင့် ကျွန်တော်တို့က ပြိုင်ပွဲတိုင်းမှာ အာရုံစိုက် ကစားဖို့ လိုအပ်ပါတယ်။ ဒါမှသာ နောက်ဆုံးမှာ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်မျိုးကို ရမှာပါ။ ကျွန်တော်တို့က ဘယ်ပြိုင်ပွဲမှာတော့ အနိုင်ယူမယ် ၊ ဘယ်ပြိုင်ပွဲမှာတော့ သာမန်လောက်ပဲ ကစားမယ် ဆိုတာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကစားသမားတွေ အားလုံးက တတ်နိုင်သမျှ နိုင်ပွဲတွေပဲ လိုချင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့က ဆုဖလားတွေနဲ့ ထိုက်တန်ကြောင်းကို အရင်ဆုံး သက်သေပြဖို့ လိုပါတယ်။ ကျွန်တော်တို့က ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံး ကြိုးစားဖို့ ဆုံးဖြတ်ထားတယ်။ ဒါကိုလည်း ခင်ဗျားတို့တွေ ဘန်လေနဲ့ပွဲမှာ မြင်တွေ့ခဲ့ရမှာပါ။ EFLပြိုင်ပွဲကလည်း ကျွန်တော်တို့ အတွက် အရေးကြီးတဲ့ ပြိုင်ပွဲတခုပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။