ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ အဲရစ်ဆင်က သူတို့အသင်းဟာ ဒီရာသီမှာ ပေးဂိုးတွေ များစွာ ပေးထားရတာလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာရာဘောင်း ချန်ပီယံ ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အဆင့်၃နေရာကိုလည်း သိမ်းပိုက်နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ပေးဂိုးတွေ အများကြီး ခွင့်ပြုပေးထားရသလို ရလဒ်တွေလည်း ဆိုးရွားနေပါတယ်။

Photo Credit: MEN

မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ပြိုင်ပွဲ ၁ခုထဲမှာတင် ၂ပွဲ ကစားထားရာ ပေးဂိုး ၇ဂိုး အထိ ရှိခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ၈ပွဲ ကစားထားရာ ပေးဂိုး ၁၂ဂိုး အထိ ရှိနေပါတယ်။

ပေးဂိုးများပြားနေသလို တဖက်မှာလည်း တိုက်စစ်ပိုင်းက သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် မန်ချက်စတာ ယူနိုက်တက်က အလွယ်တကူ ရှုံးပွဲတွေ ကြုံလာခဲ့ပြီး အဲရစ်ဆင်ကတော့ သူတို့အသင်းရဲ့ ခံစစ်မှူးတွေဟာ ဒီရာသီမှာ ကံမကောင်းစွာနဲ့ ဒဏ်ရာတွေ ရနေတာကြောင့် သူတို့အသင်းရဲ့ ပေးဂိုးပမာဏက မြင့်တက်နေခဲ့တာပါလို့ ဆိုလာပါတယ်။

Photo Credit: Strettu News

အဲရစ်ဆင်က – “ကျွန်တော်တို့ရဲ့ ခံစစ်ကြောင်းမှာ ဒဏ်ရာရ ကစားသမားတွေ အများကြီး ရှိနေပါတယ်။ ဒီအချက်ကြောင့်ပဲ ကျွန်တော်တို့ရဲ့ ပေးဂိုးတွေက များနေတာပါ” လို့ ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ လုခ်ရှော ၊ မာလာစီယာ ၊ ဘစ္စကာ စတဲ့ ကစားသမား​တွေကို ကာလရှည် လက်လွှတ်ထားရသလို အားကိုးရတဲ့ ခံစစ်မှူးတွေ ဖြစ်တဲ့ မာတီနက်ဇ်နဲ့ ရယ်ဂီလွန်တို့ကလည်း မကြာသေးမီကမှ ဒဏ်ရာတွေ အသီးသီး ထပ်ရခဲ့တာကြောင့် ယူနိုက်တက် အတွက် ဒီကာလဟာ ကံဆိုးလွန်းတဲ့ ကာလလို့ ပြောရင် မှားမယ် မထင်ပါဘူး။