အင်တာမီလန်အသင်းရဲ့ ဒိန်းမတ်ကွင်းလယ်တိုက်စစ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်က စပါးမှာရှိနေစဉ်အချိန်အတွင်း သူ့ကို ကလပ်အသင်းပေါင်းများစွာက စိတ်ဝင်စားခဲ့သလို စပါးကလည်း သူ့ကို အသင်းမှာဆက်ရှိနေအောင် ကြိုးပမ်းခဲ့ပေမယ့် ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ အင်တာမီလန်အသင်းဆီကို အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခဲဲ့ပြီး သူရဲ့စီးရီးအေ ကစားသမားဘဝအစပိုင်းမှာ ရုန်းကန်မှုတွေ ရှိခဲ့ပေမယ့် အင်တာကို သူရွေးချယ်ခဲ့တာကတော့ မှန်ကန်တဲ့လုပ်ရက်သာဖြစ်တယ်လို့ အဲရစ်ဆင်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

အသက်(၂၈)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၈)ရက်နေ့ကမှ အင်တာအသင်းဆီကို ယူရိုသန်း(၂၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းအတွက် ပြိုင်ပွဲစုံ(၁၀)ပွဲအထိ ပါဝင်ကစားထားပေးခဲ့ကာ သွင်းဂိုး(၂)ဂုုိးနဲ့ ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ အင်တာကစားသမားဘဝအစမှာ အသင်းနဲ့ အံ့ဝင်အောင်ရုန်းကန်ကစားနေရတဲ့ အဲရစ်ဆင်ရဲ့ခြေစွမ်းကို နာမည်ကျော် အီတလီကစားသမားကြီး ဒီကာနီယိုကိုယ်တိုင် ဝေဖန်ပြစ်တင်ခဲ့သေးပြီး သူက ကွန်တီနဲ့ အင်တာမီလန်အတွက် ပြသာနာတစ်ရပ်သာဖြစ်စေနိုင်မယ့်သူလို့တောင် မှတ်ချက်ပြုခံခဲ့ရပါသေးတယ်။

Photo Credit : Jelly News

ဒါပေမယ့် နောက်ပိုင်းမှာတော့ အဲရစ်ဆင်က အင်တာအသင်းနဲ့ တဖြည်းဖြည်းအသားကျလာခဲ့ပြီး အင်တာအတွက် နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲဆက်တိုက် (၁)ဂိုးသွင်းကာ (၁)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အဲရစ်ဆင်က “အရာအားလုံးက တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ ကောင်းမွန်လာပါတယ်။ ကျွန်တော်ကတော့ ဒီကိုလာဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တဲ့အပေါ် မှန်ကန်တဲ့လုပ်ရက်လို့ပဲ မြင်မိပါတယ်။ ဒီကိုစရောက်ချင်းက အသင်းရဲ့ပရိသတ်တွေ အသင်းဖော်အသစ်တွေ နွေးနွေးထွေးထွေးနဲ့ကို ကြိုဆိုခဲ့ကြတာ အရမ်းကို ကြည်နူးဖို့ကောင်းပါတယ်။ အင်တာလို အသင်းမှာ ကစားသမားတစ်ယောက်အဖြစ် ရှိနေရတာကို ဂုဏ်ယူမိသလို အင်တာကလည်း ကျွန်တော့်ကို တကယ်အလိုရှိခဲ့တဲ့ အသင်းတစ်သင်းပါ။ ပရိသတ်တွေအနေနဲ့ အခုချိန်မှာ ကျွန်တော့်ကို အဲရစ်ဆင်အစစ်လို့တောင် မြင်မိဦးမှာမဟုတ်သလို ကျွန်တော်ကိုယ်တိုင်လည်း မမြင်သေးဘူး။ ဒါပေမယ့် ကျွန်တော်ဒီထက် ပိုကောင်းအောင် ကစားနိုင်ဖို့ ကြိုးစားသွားမှာပါ။ လက်ရှိမှာတော့ ပရိသတ်တွေမပါဝင်ပဲ ကစားနေရတာကို ကျွန်တော်မတွေ့ကြုံခဲ့ဖူးသေးတော့ စိတ်ပျက်မိတာတော့ အမှန်ပဲ။ ဒါပေမယ့် အားလုံးအကောင်းတိုင်း ပြန်ဖြစ်လာတော့မယ်လို့ ထင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။