မကြာသေးမီကမှ ဘရန့်ဖို့ဒ်နဲ့ လမ်းခွဲထားတာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်နေတဲ့ ဒိန်းမတ်ကြယ်ပွင့် ကွင်းလယ်တိုက်စစ် ကစားသမား အဲရစ်ဆင်က သူ့ရဲ့ အသင်းဟောင်း စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဆီ ကနေ ကမ်းလှမ်းမှုတွေ ရထားပေမယ့် စပါးနည်းပြ ကွန်တီကို သိပ်မယုံကြည်တာကြောင့် အသင်းဟောင်း စပါးဆီ ပြန်သွားဖို့ထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ အင်္ဂလန် သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်က ပြီးခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ ကွင်းအတွင်း ရုတ်တရတ် နှလုံးရပ်ကာ လဲကျသွားခဲ့တာကြောင့် နှလုံးခုန်နှုန်း ပုံမှန် ဖြစ်အောင် နှလုံးခုန်စက် တပ်ဆင်ထားရတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ပရီးမီးယားလိဂ်လို မြန်နှုန်းမြင့် ကစားဟန်နဲ့ ကစားရတဲ့ လိဂ်တခုမှာ အံဝင်ခွင်ကျ ဖြစ်အောင် ကစားနိုင်သေးကြောင်းကို သက်သေပြထားတဲ့ ထိပ်တန်း ကွင်းလယ်လူ တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Express

အဲရစ်ဆင်က နှလုံးခုန်စက် တပ်ဆင်ကာ ကစားနေရပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး သူ ပါဝင် ကစားပေးခဲ့တဲ့ ပွဲစဉ်တွေမှာ ဘရန့်ဖို့ဒ်ရဲ့ ရလဒ်တွေက သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့ပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဘရန့်ဖို့ဒ်နဲ့ လမ်းခွဲခဲ့ပြီးနောက် အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့် ရထားတဲ့ အဲရစ်ဆင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြပြီး နှစ်သင်းစလုံးက အဲရစ်ဆင် အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Express

စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ နှစ်သင်းအနက် စပါးက အဲရစ်ဆင်ရဲ့ အသင်းဟောင်း ဖြစ်သလို စပါးပရိသတ်တွေကလည်း သူ့ကို ချစ်ခင်ကြတာကြောင့် အဲရစ်ဆင်ဟာ စပါးဆီ ပြောင်းရွှေ့လိမ့်မယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပေမယ့် အဲရစ်ဆင်က သူ့ကို အင်တာမီလန် ခေါ်ယူပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ပေးဖို့ ငြင်းဆန်ခဲ့တဲ့ စပါးနည်းပြ ကွန်တီရဲ့ လက်အောက်မှာ နောက်ထပ်တကြိမ် ထပ်မံ ကစားဖို့ တွန့်ဆုတ်နေကြောင်း အဲရစ်ဆင်နဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ဆိုကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရလည်း အဲရစ်ဆင်က သူ နှလုံးရောဂါကနေ နာလန်ပြန်ထအောင် ကြိုးပမ်းနေချိန်မှာ သူ့ကို အေဂျက်ဆီ ဖိတ်ခေါ်ကာ လေ့ကျင့်ခန်း ဆင်းခိုင်းခဲ့တဲ့ အဲရစ် တန်ဟက်ဂ်နဲ့အတူ မန်ချက်စတာ ယူနိုက်တက်မှာ ပြန်လည် ပေါင်းစည်းဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မရထားတဲ့ အချက်ကို အဲရစ်ဆင်က နားလည်ပေးနိုင်ကြောင်း သိထားရပါတယ်။