ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၁ ရီးဒင်း အက်ဖ်အေဖလားပွဲမှာ ရီးဒင်းတိုက်စစ်မှူး အန်ဒီ ကာရိုးလ်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရတဲ့ ယူနိုက်တက် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ခြေကျင်းဝတ်ဒဏ်ရာ ရသွားခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးဒင်းတို့က အက်ဖ်အေဖလား ၃၂သင်းအဆင့် ပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပေမယ့် ကစားသမားအင်အား ကွာခြားချက်ကြောင့် အိမ်ရှင် ယူနိုက်တက်ကပဲ ပွဲစပွဲဆုံး ဧည့်သည် ရီးဒင်းကို ဖိအားပေး တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့ပါတယ်။

Photo Credit: Fot Mob

မန်ချက်စတာ ယူနိုက်တက်က နောက်ပိုင်းပွဲတွေမှာ တိုက်စစ်အား ကောင်းမွန်နေတာကြောင့် ရီးဒင်းက ယူနိုက်တက်ရဲ့ တိုက်စစ်ကို အသည်းအသန် ခုခံ ကာကွယ်ခဲ့ရပြီး ပထမပိုင်းမှာ ယူနိုက်တက်က သွင်းဂိုးတွေ မသွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဘရာဇီးလ်သား နှစ်ဦး ဖြစ်တဲ့ ကတ်စ်မဲရိုးနဲ့ ဖရက်ဒ်တို့က ပွဲချိန် ၅၄မိနစ် ၊ ၅၈မိနစ်နဲ့ ၆၆မိနစ်တွေမှာ ယူနိုက်တက် အတွက် လိုအပ်နေတဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ကာ ရီးဒင်းအတွက် နှစ်သိမ့် ချေပဂိုးကိုတော့ ပွဲချိန် ၇၂မိနစ်မှာ အမ်ဘမ်ဂွေက သွင်းယူပေးခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် ၃-၁ ရီးဒင်း ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် တခုထဲသော သတင်းဆိုးက ရီးဒင်း တိုက်စစ်မှူး အန်ဒီ ကာရိုးလ်ရဲ့ ဥပဒေပ ဖျက်ထုတ်မှုကို ခံခဲ့ရတဲ့ ကွင်းလယ်လူ အဲရစ်ဆင် တယောက် ခြေကျင်းဝတ်ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်ကတော့ သူတို့ဟာ အဲရစ်ဆင်ရဲ့ ဒဏ်ရာကို မနက်ဖြန်မှာ အသေးစိတ် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Fot Mob

တန်ဟက်ဂ်က – “ပွဲက အခုမှ ပြီးတာဆိုတော့ အဲရစ်ဆင်ရဲ့ ဒဏ်ရာအခြေအနေကို ပြောပြဖို့ ခက်ပါသေးတယ်။ ဒါပေမယ့် သူက ခြေကျင်းဝတ်ဒဏ်ရာ ရသွားတာကို ပြောပြလို့ ရပါတယ်။ ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာကို အသေးစိတ် စစ်ဆေးရပါဦးမယ်။ ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာအကြောင်း ပိုသိရဖို့ အချိန် ၂၄နာရီ လိုအပ်တာကြောင့် ၂၄နာရီ ကျော်ရင်တော့ ကျွန်တော်က သူ့ရဲ့ ဒဏ်ရာအခြေအနေကို ပိုပြီး ပြောပြနိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အဲရစ်ဆင်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၀ပွဲ အထိ ပါဝင် ကစားပေးထားကာ သူက သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၉ကြိမ်လည်း ရရှိထားပါတယ်။