ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ကစားသမားတွေထဲက တဦး ဖြစ်တဲ့ ဘရန့်ဖို့ဒ် ကွင်းလယ်လူ အဲရစ်ဆင်ဟာ သူ့ရဲ့ တကျော့ပြန် ပရီးမီးယားလိဂ်ခရီးရဲ့ ပထမဦးဆုံး ဂိုးဖန်တီးမှုကို ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၂-၀ ဘန်လေ ပွဲစဉ်မှာပဲ ရရှိသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၃၀ အရွယ် ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား အဲရစ်ဆင်ဟာ တချိန်က စပါးနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံရတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်သလို ပြီးခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ သေမင်းနဲ့ စစ်ခင်းခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit: The Athletic

အဲရစ်ဆင်ဟာ ယူရို ၂၀၂၀ပြိုင်ပွဲမှာ ဒိန်းမတ်ကို ဦးဆောင်ကာ ဝင်ရောက် ကစားပေးနေရင်း ရုတ်တရတ် နှလုံးအမောဖောက်ကာ ကွင်းအတွင်း လဲကျသွားခဲ့ကာ အသက်ဆုံးရှုံးရမလို ဖြစ်ခဲ့ပေမယ့် ဒိန်းမတ် အသင်းဖော်တွေနဲ့ ဆေးအဖွဲ့တွေရဲ့ ကယ်ဆယ်ပေးမှုကြောင့် အသက်အန္တရာယ်နဲ့ ကင်းလွတ်ခဲ့ပြီး နှလုံးခုန်နှုန်း မူမမှန် ဖြစ်နေမှုအား တားဆီးနိုင်ရန် နှလုံးအတွင်းမှာ စက်လည်း တပ်ဆင်ခဲ့ရပါတယ်။

နှလုံးခုန်နှုန်း ပုံမှန် ဖြစ်စေဖို့ နှလုံးခုန်စက် တပ်ဆင်ထားရတာကြောင့်ပဲ အဲရစ်ဆင်ဟာ အီတလီ အင်အားကြီးကလပ် အင်တာမီလန်နဲ့ စာချုပ် ဖျက်သိမ်းခဲ့ရပြီး အဲ့ဒီနောက်မှာတော့ အဲရစ်ဆင်က သူဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်စွမ်းရှိကြောင်း သက်သေပြနိုင်ဖို့ အတွက် သူ့ရဲ့အောင်မြေ ပရီးမီးယားလိဂ်ဆီ တကျော့ပြန် ခြေချဖို့ ဆုံးဖြတ်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ တန်းတက်ကလပ် ဘရန့်ဖို့ဒ်ဆီ ၂နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: The Athletic

လက်ရှိအချိန်မှာတော့ အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြန်လည် ပြသထားနိုင်ပြီး ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၂-၀ ဘန်လေ ပွဲစဉ်မှာလည်း ပွဲကို အလှည့်အပြောင်း ဖြစ်စေမယ့် ဦးဆောင်ဂိုး ရရှိအောင် ဘယ်ခြေနဲ့ လှလှပပ ဖန်တီးပေးနိုင်ခဲ့ပြီး သူ့ရဲ့ ဖန်တီးပေးမှုကိုတော့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး တိုနေးက အမှားအယွင်း မရှိ အဆုံးသတ်နိုင်ခဲ့တာကြောင့် ဘရန့်ဖို့ဒ်ဟာ အဖိုးတန် ဦးဆောင်ဂိုးကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။