ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ် တပွဲအဖြစ် ကစားခဲ့ကြတဲ့ ဒိန်းမတ်အသင်းနဲ့ ဖင်လန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ရုတ်တရတ် နှလုံးရှော့ခ် ဖြစ်ကာ ကွင်းအတွင်း လဲကျသတိလစ်ခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ အင်တာမီလန်အသင်းရဲ့ ကွင်းလယ်လူ အဲရစ်ဆင်ဟာ ယခုအခါမှာတော့ သူ့ရဲ့ နှလုံးထဲကို နှလုံးခုန်စက် ထည့်သွင်းရတော့မှာ ဖြစ်ကြောင်း ဒိန်းမတ်အသင်းက အတည်ပြု ထုတ်ပြန်သွားပါတယ်။ ဒိန်းမတ်အသင်းရဲ့ ကွင်းလယ်လူ အဲရစ်ဆင်ဟာ ဖင်လန်အသင်းနဲ့ ပွဲစဉ်မှာ ရုတ်တရတ် လဲကျကာ သတိလစ် မေ့မြောခဲ့ရတာဟာ သူ့ရဲ့ နှလုံးခုန်မှုဟာ မူမမှန်တဲ့ အခြေအနေ တခုကို ရောက်ရှိနေတာကြောင့် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် နှလုံးခုန်မှု ပုံမှန် ပြန်ဖြစ်အောင် အတွက် ICD လို့ခေါ်တဲ့ နှလုံးခုန်စက် တပ်ဆင်ရတော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: Heart Radio

အဲရစ်ဆင်ရဲ့ နှလုံးအတွင်းကို ICDစက် ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှာ နှလုံးအထူးကု ဆရာဝန်များစွာရဲ့ သဘောထား မှတ်ချက်တွေကို တောင်းယူခဲ့သလို အဲရစ်ဆင်ကလည်း ICDစက် ထည့်သွင်းဖို့ လိုလိုလားလား ရှိနေကြောင်း ဒိန်းမတ်အသင်းရဲ့ ဆရာဝန် ဘော့ဆန်က ပြောကြားသွားပါတယ်။ အဲရစ်ဆင်အနေနဲ့ ICDစက်အား တပ်ဆင်တော့မယ့် အကြောင်းကို ဘော့ဆန်က – “အဲရစ်ဆင်ကို နှလုံးနဲ့ ပတ်သတ်ပြီး ကွဲပြားတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာ သူက ICDစက်ကို တပ်ဆင်ဖို့ လိုအပ်နေတဲ့အကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ နှလုံးခုန်မှု မူမမှန် ဖြစ်ရာကနေ နှလုံးရှော့ခ်ဖြစ်တဲ့ ဖြစ်စဉ်အပြီးမှာ ဒီစက်ကို တပ်ဆင်ဖို့ လိုအပ်ပါတယ်။ အဲရစ်ဆင်က ICDစက် တပ်ဆင်ဖို့ သဘောတူခဲ့သလို ICDစက် တပ်ဆင်မယ့် အစီအစဉ်နဲ့ ပတ်သတ်ပြီး နိုင်ငံတွင်းမှာ ရှိတဲ့ နှလုံးအထူးကု ဆရာဝန်တွေနဲ့ရော နိုင်ငံတကာမှာ ရှိတဲ့ နှလုံးအထူးကု ဆရာဝန်တွေနဲ့ပါ တိုင်ပင်ခဲ့ပါတယ်။ အားလုံးကလည်း ICDစက် တပ်ဆင်ဖို့ အကြံပေးကြပါတယ်။ အခုချိန်မှာတော့ အဲရစ်ဆင်နဲ့ သူ့ရဲ့ မိသားစု အေးအေးဆေးဆေး နားနေနိုင်ဖို့ ပူးပေါင်း ပါဝင်ပေးစေလိုပါတယ်” လို့ ပြောကြားခဲ့တာပါ။

Photo Credit: Heart Radio

ICDစက် တပ်ဆင်ပြီးပါက အဲရစ်ဆင်အနေနဲ့ ဘောလုံးပြန်ကစားနိုင်မလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ရေရာတဲ့ အဖြေတခုကိုတော့ မရသေးပါဘူး။ ဒါပေမယ့် အဲရစ်ဆင်ဟာ နှလုံးခုန်မှု မူမမှန်တာကြောင့် ICDစက် တပ်ဆင်မယ့် ပထမဦးဆုံး ဘောလုံးသမား မဟုတ်ပဲ သူ့ရဲ့ အရှေ့မှာတော့ ဂျာမန်တိုက်စစ်မှူး အန်ဂယ်ဘရက်တ်နဲ့ နယ်သာလန် ခံစစ်မှူး ဘလိုင်းတို့ဟာလည်း ICDစက်ကို တပ်ဆင်ခဲ့ဖူးကာ သူတို့နှစ်ဦးစလုံးဟာ ဘောလုံး ပြန်ကစားနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အန်ဂယ်ဘရက်တ်ဟာ ICDစက် တပ်ဆင်ပြီးနောက်ပိုင်းမှာလည်း နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတချို့ကို ခံစားခဲ့ရပြီး ဘလိုင်းကတော့ လက်ရှိအချိန်အထိ အေဂျက်အသင်းနဲ့ နယ်သာလန် အသင်းတို့ အတွက် ကစားပေးနိုင်ဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲရစ်ဆင်အနေနဲ့ ICDစက် တပ်ဆင်ပြီးပါက ဘောလုံးပြန်ကစားနိုင်ခြင်း ရှိ ၊ မရှိ ဆိုတာဟာ သူ့နှလုံးရဲ့ အခြေအနေပေါ် မူတည်နေကြောင်း တင်ပြလိုက်ပါရစေ။