ပြီးခဲ့တဲ့ ယူရို ၂၀၂၀ပြိုင်ပွဲမှာ နှလုံးခုန်နှုန်း မူမမှန်တဲ့ ရောဂါကို ခံစားခဲ့ရတာကြောင့် နှလုံးထဲမှာ စက်တပ်ထားရတဲ့ ဒိန်းမတ်ကြယ်ပွင့် ကွင်းလယ်လူ အဲရစ်ဆင်က အင်တာမီလန်နဲ့ လမ်းခွဲပြီးနောက် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ အများအပြား ရှိခဲ့ပေမယ့် ဘာကြောင့် ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘရန့်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရလဲ ဆိုတာကို သူ့ရဲ့ ဘရန့်ဖို့ဒ် ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ တချိန်က စပါးနဲ့အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တောက်ပခဲ့တဲ့ ကွင်းလယ်လူ တဦး ဖြစ်ပြီး သူ့ရဲ့ တိကျတဲ့ ပေးပို့မှုတွေ ၊ အလွတ် တည်ကန်ဘော ကန်သွင်းရာမှာ ထူးချွန်မှုတွေကြောင့်ပဲ ထိပ်တန်း ကွင်းလယ်တိုက်စစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။

Photo Credit: Marca

အဲရစ်ဆင်ဟာ စပါးနဲ့ လမ်းခွဲပြီးနောက် အီတလီ စီးရီးအေ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်ဆီ ပြောင်းရွှေ့ခဲ့ပြီး အီတလီမြေမှာလည်း ထိုက်သင့်တဲ့ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပေမယ့် နှလုံးရောဂါက သူ့ရဲ့ အီတလီ စွန့်စားခန်းတွေကို ရပ်တန့်ပစ်လိုက်ပါတယ်။

အဲရစ်ဆင်ဟာ နှလုံးခုန်နှုန်း မူမမှန်မှုကြောင့် သူ့ရဲ့ နှလုံးအတွင်းမှာ နှလုံးခုန်နှုန်း တည်ငြိမ်အောင် ထိန်းပေးတဲ့ စက်ကိရိယာ တခုကို တပ်ဆင်ခဲ့ရပြီး အီတလီနိုင်ငံရဲ့ စည်းမျဉ်းတွေအရ နှလုံးစက် တပ်ဆင်ထားတဲ့ ကစားသမား တဦးဟာ အီတလီနိုင်ငံမှာ ဘောလုံး ကစားခွင့် မရတာကြောင့်ပဲ အဲရစ်ဆင်က အင်တာမီလန်နဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းခဲ့ရပါတယ်။

Photo Credit: Marca

အင်တာမီလန်နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အရှေ့အလယ်ပိုင်း ကလပ်တွေနဲ့ မေဂျာလိဂ်ကလပ် တချို့က အဲရစ်ဆင်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြပေမယ့် အဲရစ်ဆင်ကတော့ သူဟာ ထိပ်တန်းလိဂ် တခုမှာ ကစားနိုင်စွမ်း ရှိသေးကြောင်းကို သက်သေပြဖို့ ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘရန့်ဖို့ဒ်ဆီ ကာလတို စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

အဲရစ်ဆင်ကတော့ သူဟာ အသင်းတွေ အများကြီးရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် လန်ဒန်မြို့မှာ နေချင်သလို ဘရန့်ဖို့ဒ်နည်းပြ ဖရန့်နဲ့ ဆက်ဆံရေး အဆင်ပြေတာကြောင့် ဘရန့်ဖို့ဒ်ဆီ ပြောင်းလာတာပါလို့ ဖွင့်ဟ ပြောပြလာပါတယ်။ အဲရစ်ဆင်က – “ကျွန်တော်က အသင်းလက်မဲ့ အနေအထားကို ရောက်ခဲ့ပါတယ်။ ပြီးတော့ ဆရာဝန်တွေရဲ့ ခွင့်ပြုချက် ရပြီး ဘောလုံးကို စိတ်အေးလက်အေး ကစားနိုင်ဖို့လည်း အဆင့်တွေ အများကြီးကို ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်တော်က ဖရန့်(ဘရန့်ဖို့ဒ်နည်းပြ)နဲ့ မကြာခဏ စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ မိသားစုကလည်း လန်ဒန်မြို့မှာ နေချင်ပါတယ်။ ပြီးတော့ ကျွန်တော်က ပရီးမီးယားလိဂ်လို ထိပ်တန်းလိဂ် တခုမှာ ကစားပြီး ကျွန်တော့်ရဲ့ အရည်အချင်းကို ဆက်လက် သက်သေပြချင်တာကြောင့် ဘရန့်ဖို့ဒ်လို ကစားကွက် ကောင်းမွန်တဲ့ အသင်းတသင်းဆီ ပြောင်းလာခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပါ။