ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ဖင်လန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ကမ္ဘာ့ဘောလုံးလောက တခုလုံးကို ရိုက်ခတ်သွားတဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒါကတော့ ဒိန်းမတ်အသင်းရဲ့ ကွင်းလယ်လူ အဲရစ်ဆင်ဟာ နှလုံးရှော့ခ် ဖြစ်ကာ ရုတ်တရတ် သတိလစ် မေ့မြောသွားခဲ့တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ပထမပိုင်း ပြီးဆုံးဖို့ ၅မိနစ်ခန့် အလိုမှာ လက်ပစ်ဘောက တဆင့် ရလာမယ့် ဘောလုံးကို လက်ခံဖို့ လုပ်နေစဉ်မှာပဲ ကွင်းအတွင်း လဲကျသွားခဲ့တာပါ။ အဆိုပါ ဖြစ်ရပ်ကြောင့် ဒိန်းမတ်အသင်းရဲ့ ကစားသမားတွေဟာ အဲရစ်ဆင်ကို အရေးပေါ် အသက်ကယ်မှုတွေ ပြုလုပ်ခဲ့ရသလို ဆေးအဖွဲ့ကလည်း လျင်လျင်မြန်မြန်ပဲ လိုအပ်တဲ့ ဆေးကုသမှုတွေကို ပြုလုပ်ပေးခဲ့ရပါတယ်။

Photo Credit: Daily Mail

လက်ရှိမှာတော့ အဲရစ်ဆင်ဟာ အဆိုပါပွဲကို ကစားခဲ့တဲ့ ကိုပင်ဟေဂင်မြို့ရဲ့ ဆေးရုံတခုမှာ ဆေးကုသမှု ခံယူနေသလို ပြန်လည် သက်သာလာပြီ ဖြစ်ကာ အသက်အန္တရာယ် အတွက် စိုးရိမ်စရာ မလိုတော့ဘူးလို့ သိထားရပါတယ်။ ဒါပေမယ့် အဲရစ်ဆင်ဟာ နောက်ထပ်တကြိမ် ဘောလုံး ပြန်ကစားဖို့ ခက်ခဲနိုင်ပြီး လက်ရှိ သူ့ရဲ့ မိခင်ကလပ် ဖြစ်တဲ့ အင်တာမီလန်အသင်း အခြေစိုက်ရာ အီတလီနိုင်ငံရဲ့ စည်းမျဉ်းတွေအရ အကယ်၍ အဲရစ်ဆင်ဟာ ဘောလုံး ပြန်ကစားဖို့ ဆုံးဖြတ်ခဲ့ရင်တောင် အီတလီနိုင်ငံမှာ ကစားခွင့် ရတော့မှာ မဟုတ်ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။ နှလုံးရောဂါ အထူးကု ဆရာဝန် တဦး ဖြစ်တဲ့ ဒေါက်တာ စကော့မူရေးကလည်း အဲရစ်ဆင်ဟာ နောက်ထပ်တကြိမ် ဘောလုံး ပြန်ကစားဖို့ ဖြစ်နိုင်ဖွယ် မရှိကြောင်း သုံးသပ်ထားပါတယ်။

Photo Credit: Daily Mail

အဲရစ်ဆင်ရဲ့ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ဒေါက်တာ စကော့မူရေးက အခုလိုပဲ ပြောကြားခဲ့တာပါ။ မူရေးက – “ဒီဖြစ်ရပ်ကြောင့် သူ့ရဲ့ ကစားသမား ဘဝဟာ အဆုံးသတ်ဖို့ ရှိနေပါတယ်။ အီတလီနိုင်ငံမှာလည်း အားကစားသမားတွေ အနေနဲ့ နှလုံးကျန်းမာရေးနဲ့ ပတ်သတ်ပြီး လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိရင် ကစားခွင့် မပေးတဲ့ ဥပဒေ ရှိပါတယ်။ သူတို့ဟာ နှလုံးကျန်းမာရေးကြောင့် အားကစားသမားတွေ ရုတ်တရတ် သေဆုံးမှုတွေကို ရပ်တန့်နိုင်ဖို့ နှစ် ၂၀လောက် ကြိုးစားခဲ့တာ ဖြစ်ပြီး အခုချိန်မှာတော့ နှလုံးကျန်းမာရေးကြောင့် အားကစားသမားတွေ ရုတ်တရတ် သေဆုံးနိုင်ချေဟာ ၃ရာခိုင်နှုန်းအထက် ကနေ ၁ရာခိုင်နှုန်းအောက်ကို ရောက်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘောလုံးလောကမှာတော့ အဲရစ်ဆင်ဟာ နှလုံးရှော့ခ်ဖြစ်ကာ ကွင်းအတွင်း ရုတ်တရတ် သတိလစ် မေ့မြောခဲ့တဲ့ ပထမဦးဆုံး ကစားသမား မဟုတ်ပဲ သူ့ရဲ့ အရှေ့မှာ မူအမ်ဘာ ၊ ဗီဗီယန်ဖိုး ၊ တီအိုတီ ၊ ဘလိုင်း စတဲ့ လူသိများတဲ့ ကစားသမားတွေဟာ ကွင်းအတွင်း သတိလစ် မေ့မြောဖူးသလို အခြား မထင်ရှားတဲ့ ကစားသမားတွေလည်း အများအပြား ရှိခဲ့ဖူးပါတယ်။