MySport Myanmar

ပုံမှန်ထက် အမှားအယွင်း များစွာ ကျူးလွန်မိခဲ့တယ်လို့ အဲရစ်ဆင် ညည်းတွား

မနေ့ညက ဆီဗီလာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုကျော့ပွဲစဉ်မှာ အသင်းက ပုံမှန်ထက်ကို အမှားအယွင်းတွေများစွာ ပြုလုပ်ခဲ့ပြီး လုံလောက်တဲ့ အင်အားလည်း မရှိခဲ့ဘူးလို့ မန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ခရစ္စတီယန် အဲရစ်ဆင်က ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

နည်းပြ အဲရစ်တန်ဟက်ဂ်လက်ထက် ယူနိုက်တက်က ဖလားလက်မဲ့ ရာသီကို အဆုံးသတ်ခဲ့ရပြီး ကာရာဘောင်း လိဂ်ဖလားကို ပိုင်ဆိုင်နိုင်ခဲ့သလို ၂၀၁၇ခုနှစ်နောက်ပိုင်း ဥရောပ အောင်မြင်မှုပါ ပြန်လည် ရယူနိုင်ဖို့ အလားအလာကောင်း ဖြစ်ခဲ့ရပေမယ့် ကွာတားအဆင့်မှာပဲ ယူရိုပါလိဂ် god ကြီး ဆီဗီလာကို ရှုံးပြီး ကွာတားနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ ဆီဗီလာက ယူနိုက်တက်ကို အကောင်းဆုံး ကစားသွားခဲ့တာကြောင့် ယူနိုက်တက်တို့ ကွာတားနဲ့ ပြုတ်ခဲ့ရတာ မဟုတ်ပဲ အသင်းက ကစားသမားတွေရဲ့ အမှားအယွင်းတွေကြောင့်သာ ပကျော့မှာ သရေကျပြီး ဒုကျော့မှာ ခွက်ခွက်လန် ရှုံးခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီ ရှုံးပွဲနဲ့ ပတ်သတ်ပြီး အဲရစ်ဆင်က “အကြောင်းအရာတွေ အများကြီး ဖြစ်ခဲ့တယ်။ ပွဲအစကတည်းက ပြိုင်ဘက်အသင်းကို ကောင်းကောင်း မရင်ဆိုင်နိုင်ခဲ့ပဲ ပွဲကို ပြီးဆုံးသွားစေနိုငင်မယ့် အခွင့်အရေးတွေသာ အများကြီး ပေးခဲ့ရတယ်။ ကျွန်တော်တို့ တည်ငြိမ်မှုတွေလည်း ဆုံးရှုံးနေခဲ့တယ်။ ခါတိုင်းထက် ပိုပြီး အမှားတွေကို ပြုလုပ်ခဲ့ကြခဲ့သလို အသင်းဖော်တွေရဲ့ အမှားတွေကို တစ်သင်းလုံးက ပြန်မကာမိနိုင်တော့ပါဘူး။ ဒီလို အမှားတွေနဲ့သာ ဂိုးပေးလိုက်ရမယ်ဆိုရင်တော့ ရှုံးပွဲတွေ့မှာပါပဲ။ ဒါက အိမ်ရှင် ပရိသတ်ထုနဲ့လည်း မဆိုင်ဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ကစားဟန်ကလည်း အားနည်းခဲ့ရတယ်။ ဒါက ဘောလုံးပါပဲ။ တစ်ခါတစ်လေ ကောင်းတဲ့နေ့တွေ ပိုင်ဆိုင်နိုင်သလို တစ်ခါတစ်လေမှာလည်း ဆိုးရွှားတဲ့ နေ့တွေ ဖြစ်တတ်တယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

ယူနိုက်တက်က ဒီရာသီမှာ အဆုံးအဖြတ် ခံယူရမယ့် ပွဲတွေတိုင်း အဝေးကွင်းပွဲတွေတိုင်းလိုလိုမှာ အသင်းရဲ့ ကစားပုံ performances တွေက အရမ်းအားနည်းခဲ့တာကြောင့် လာမယ့် တနင်္ဂနွေနေ့ ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့် အက်အေဖလား ဆီမီးဖိုင်နယ်မှာရော ဘယ်လို ရလဒ်မျိုး ထွက်ပေါ်လာနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါ့အပြင် ဒီရာသီရဲ့ အမြင့်မားဆုံး မျှော်လင့်ချက်ဖြစ်တဲ့ top 4 ဝင်ခွင့်အတွက်ကိုရော ရလဒ်ကောင်းတွေ ယူဆောင်နိုင်ပါ့ဦးမလားဆိုတာကလည်း တကယ့်ကို စောင့်ကြည့်ရပါဦးမယ်။

Exit mobile version