ပြီးခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ ကွင်းအတွင်း နှလုံးအမောဖောက်ကာ လဲကျသွားခဲ့တာကြောင့် နှလုံးခုန်နှုန်း ပုံမှန် ဖြစ်စေဖို့ အတွက် စက်တပ်ထားရတဲ့ ဒိန်းမတ်ကြယ်ပွင့် ကွင်းလယ်တိုက်စစ် ကစားသမား အဲရစ်ဆင် ကတော့ သူ့ရဲ့ အောင်မြေလို့ တင်စားရမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တကျော့ပြန် ပြန်လည် ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။
အေဂျက် ၊ စပါးနဲ့ အင်တာမီလန် ကစားသမားဟောင်း အဲရစ်ဆင်ဟာ နှလုံးခုန်နှုန်း ပုံမှန် ဖြစ်စေဖို့ စက်တပ်ထားရတာကြောင့် အီတလီနိုင်ငံရဲ့ ဘောလုံးဥပဒေအရ အီတလီမြေမှာ ဘောလုံးကစားခွင့် မရပဲ အင်တာမီလန်နဲ့လည်း နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။
Photo Credit: Clutch Points
အသင်းလက်မဲ့ ဖြစ်သွားပြီးနောက် အဲရစ်ဆင်ကို ခေါ်ယူဖို့ အတွက် မေဂျာလိဂ်ကလပ်တွေ ၊ ကာတာကလပ်တွေနဲ့ တရုတ်အသင်းတွေက ခေါ်ယူဖို့ ကြိုးစားခဲ့ကြပေမယ့် အဲရစ်ဆင်ကတော့ လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒိန်းမတ်နဲ့အတူ ပါဝင် ယှဉ်ပြိုင်ချင်တာကြောင့် သူ့ရဲ့ ခြေစွမ်းကို သက်သေပြနိုင်မယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲဆီသာ ပြန်လည် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ တန်းတက်အသင်း ၃သင်း အနက် ခြေစွမ်းအတည်ငြိမ်ဆုံး အသင်း ဖြစ်တဲ့ ဘရန့်ဖို့ဒ်က အဲရစ်ဆင်ကို ကနဦး ၆လ + ရာသီကုန်မှာ နောက်ထပ် ၁နှစ်ခွဲ ထပ်မံ သက်တမ်း တိုးမယ် ဆိုတဲ့ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းထားပြီး အဲရစ်ဆင်ကလည်း ဘရန့်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။
Photo Credit: Clutch Points
နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ဘရန့်ဖို့ဒ်နဲ့ အဲရစ်ဆင်တို့ရဲ့ ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေဟာ အတော်လေးကို ခရီးပေါက်နေပြီး အဲရစ်ဆင်ဟာ လာမယ့်ရက်ပိုင်း အတွင်းမှာပဲ ဘရန့်ဖို့ဒ်ရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိကြောင်း သိရပါတယ်။