ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် မကြာမီကမှ ဘရန့်ဖို့ဒ်နဲ့ လမ်းခွဲထားတဲ့ ဒိန်းမတ် ကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ကို ခေါ်ယူနိုင်ခဲ့ကြောင်း ယနေ့ညမှာပဲ တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသက် ၃၀ အရွယ် ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား အဲရစ်ဆင်ကို တပတ် လုပ်ခလစာ ပေါင် ၁၅၀၀၀၀နဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

အဲရစ်ဆင်က မန်ချက်စတာ ယူနိုက်တက်မှာ ဘယ်ကျောနံပါတ် ဝတ်ဆင်သွားမလဲ ဆိုတာ မသိရသေးပေမယ့် အဲရစ်ဆင်ကတော့ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝ ပထမဦးဆုံး အင်တာဗျူးကို ယနေ့ညမှာပဲ ပြုလုပ်ခဲ့ပြီး သူက မန်ချက်စတာ ယူနိုက်တက် အတွက် ပါဝင် ကစားပေးဖို့ မစောင့်နိုင်တော့ကြောင်းလည်း ဆိုပါတယ်။

အဲရစ်ဆင်က – “မန်ချက်စတာ ယူနိုက်တက်က ထူးခြားတဲ့အသင်းပါ။ ဒါကြောင့် ကျွန်တော်က အသင်းအတွက် ပါဝင် ကစားပေးဖို့ မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်က ကံကောင်းတာကြောင့် အိုးထရက်ဖို့ဒ်ကွင်းထဲမှာ အကြိမ်ရေ အများကြီး ကစားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် အခုကတော့ ဒီအသင်း အတွက် ကိုယ်စားပြု ကစားခွင့် ရရှိခဲ့ပြီး ဒီလို အခွင့်အရေးမျိုး ရခဲ့တဲ့ အတွက် ခံစားချက်တွေ အရမ်း ကောင်းနေပါတယ်ဗျာ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Sun

အဲရစ်ဆင်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား ဖြစ်လာခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် ရှိရာ ဩစတေးလျတိုက်ဆီ လိုက်သွားကာ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေကို ပါဝင် လုပ်ဆောင်ဖို့ မရှိကြောင်းလည်း သိရပါတယ်။