အီတလီ စီးရီးအေရဲ့ လက်ရှိ ချန်ပီယံအသင်း ဖြစ်တဲ့ အင်တာမီလန်အသင်းရဲ့ ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ အမောဖောက်ကာ ကွင်းအတွင်း လဲကျခဲ့ပြီးနောက် နှလုံးခုန်မှု ပုံမှန် ဖြစ်အောင် နှလုံးစက် တပ်ဆင်ထားရတဲ့ အခြေအနေကြောင့် အီတလီနိုင်ငံမှာ ဘောလုံး ကစားခွင့် မရတော့ဘူးလို့ သိရပါတယ်။

အသက် ၂၉နှစ် အရွယ် ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ် တပွဲ ဖြစ်တဲ့ ဒိန်းမတ် ၀-၁ ဖင်လန် ပွဲစဉ်မှာ နှလုံးအမောဖောက်ကာ ရုတ်တရတ် ကွင်းအတွင်း လဲကျသွားခဲ့တာ ဖြစ်ပြီး အဆိုပါဖြစ်ရပ်ကြောင့် ဆေးကုသမှုကို အချိန်အတော်ကြာ ခံယူခဲ့ရသူပါ။

Photo Credit: Express

အဲရစ်ဆင်ဟာ နှလုံးအမောဖောက်ခဲ့တာကြောင့် သူ့ရဲ့နှလုံးမှာ နှလုံးခုန်မှုကို ပုံမှန်အတိုင်း ဖြစ်စေမယ့် စက်တခု တပ်ဆင်ခဲ့ရပြီး အဲရစ်ဆင်ဟာ အဆိုပါစက်ကို တပ်ဆင်ထားသည့်တိုင် ဘောလုံး ကစားနိုင်သေးပေမယ့် အီတလီနိုင်ငံရဲ့ နှလုံးကြံ့ခိုင်မှု အားနည်းတဲ့ ကစားသမားတွေကို ဘောလုံးကစားခွင့် မပြုဘူး ဆိုတဲ့ စည်းမျဉ်းကြောင့် အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းရဲ့ ပွဲစဉ်တွေကို ပါဝင် ကစားပေးခွင့် မရတော့ပါဘူး။

ဒါကြောင့်ပဲ အဲရစ်ဆင်ဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းသစ် တသင်းကို စတင် ရှာဖွေရတော့မှာ ဖြစ်ပြီး အင်တာမီလန်အသင်းကလည်း သူတို့ဟာ အဲရစ်ဆင် အတွက် အဆင်ပြေမယ့် အသင်းသစ် တသင်းကို ရှာဖွေပေးနေကြောင်း အတည်ပြု ထုတ်ပြန် ကြေညာထားပါတယ်။

Photo Credit: Express

အဲရစ်ဆင်ရဲ့ အေးဂျင့်ဖြစ်သူ မာတင်ကလည်း သူ့ရဲ့ ကစားသမားဟာ အင်တာမီလန်အသင်း ကနေ ထွက်ခွာရတော့မယ် ဆိုတာကို အတည်ပြုပေးခဲ့ပြီး သူ့ရဲ့ ကစားသမား အတွက် အသင်းသစ် တသင်း ရှာဖွေနေကြောင်းနဲ့ သူ့ရဲ့ ကစားသမားကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ အင်တာမီလန်အသင်းကို ပုံမှန်အတိုင်း ပြောင်းရွှေ့ကြေး ပေးချေရလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ အဲရစ်ဆင်ကို သူ့ရဲ့ အသင်းဟောင်းတွေ ဖြစ်တဲ့ အေဂျက်အသင်းနဲ့ စပါးအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အေဂျက်အသင်းမှာ ဆိုရင် အဲရစ်ဆင်လိုပဲ နှလုံးစက် တပ်ဆင်ထားရတဲ့ နယ်သာလန် လက်ရွေးစင် နောက်ခံလူ ဒါလေဘလိုင်းက အဓိက ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနေပါတယ်။