ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ EFLဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ချာလ်တန်နဲ့ ပွဲမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် သူတို့အသင်းဟာ ဆီမီးဖိုင်နယ်လောက်နဲ့ ကျေနပ်နေမှာ မဟုတ်ပဲ ဗိုလ်စွဲနိုင်မှသာ အောင်ပွဲခံနိုင်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က EFLဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဖြစ် ချာလ်တန်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ တန်ဟက်ဂ်က အဓိက ကစားသမားတွေ ဖြစ်တဲ့ ရက်ဖို့ဒ် ၊ မာရှယ် ၊ ဒီဂီယာ ၊ အဲရစ်ဆင် ၊ ဗာရန်း စတဲ့ ကစားသမားတွေကို အနားပေးခဲ့ပြီး လူငယ် ကြယ်ပွင့်တွေ ဖြစ်တဲ့ ဂါနာချို ၊ အီလန်ဂါ ၊ မိုင်နို စတဲ့ ကစားသမားတွေကိုသာ ပွဲထွက် လူစာရင်းမှာ ထည့်သွင်း အသုံးပြုခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်က လူငယ်ကြယ်ပွင့်တွေ ၊ အရန် ကစားသမား အများစုတွေနဲ့ ပွဲထွက်လာခဲ့သည့်တိုင် ချာလ်တန်နဲ့ ယူနိုက်တက်တို့ရဲ့ ကစားသမား အင်အား ကွာခြားချက်ကြောင့် မန်ချက်စတာ ယူနိုက်တက်က ချာလ်တန်ကို သက်တောင့်သက်သာ ကစားကာ အနိုင်ရခဲ့ပြီး ယူနိုက်တက် အတွက် သွင်းဂိုးတွေကို အန်တိုနီနဲ့ လူစားဝင် တိုက်စစ်မှူး ရက်ဖို့ဒ်တို့က အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

ချာလ်တန်ကို ဂိုးပြတ်အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်က သူဟာ ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့လို့ ပျော်မိပေမယ့် အောင်ပွဲခံနေမှာ မဟုတ်ကြောင်းနဲ့ ဗိုလ်စွဲနိုင်မှသာ အောင်ပွဲခံနိုင်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Sky Sports

အဲရစ် တန်ဟက်ဂ်က – “ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံက အတော်လေး ကောင်းခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း ပျော်ရပါတယ်။ ကျွန်တော်တို့က ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့သလို ခွန်အားအပြည့် ၊ အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားနိုင်ခဲ့ပါတယ်။ တဖက်အသင်းကိုလည်း သူတို့ရဲ့ ကွင်းဘက်ခြမ်းမှာတင် ထားပြီး ကစားနိုင်ခဲ့ပါသလို အခွင့်အရေးတွေ အများကြီးလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂါနာချိုက တယောက်ချင်း ဖြတ်ကျော်မှုတွေမှာ အတော်လေးကို ကောင်းခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့က အန်တိုနီရဲ့ တကယ်ကို ကောင်းလွန်းတဲ့ သွင်းဂိုး တဂိုးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဂိုးက အသင်းလိုက် ကစားကွက်ကြောင့် ရလာတဲ့ သွင်းဂိုး ဖြစ်သလို အန်တိုနီရဲ့ အဆုံးသတ်ကလည်း ထိပ်တန်းအဆင့် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆီမီးဖိုင်နယ် ရောက်တာက ဘာမှ ဖြစ်လာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဗိုလ်စွဲချင်တာပါ။ ဒါပေမယ့် ဗိုလ်စွဲဖို့ ဆိုရင် ကျွန်တော်တို့က တပွဲချင်းစီ အာရုံစိုက် ကစားသွားဖို့ လိုပါတယ်။ ကျွန်တော်တို့က ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းနဲ့ တွေ့မလဲ ဆိုတာကို စောင့်ကြည့်ရမယ်။ ပြီးရင် အဲ့ဒီပွဲတွေ အတွက် အကောင်းဆုံး ပြင်ဆင်မယ်။ အခုတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွက်ပဲ အာရုံစိုက်ပါတော့မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။