MySport Myanmar

ယူနိုက်တက်အသင်းအတွက် ရူဘင်နေးဗက်စ်ကို အရင်ဆုံး ခေါ်ယူသွားမယ့် တန်ဟက်ဂ်

အေဂျက်စ်အသင်းရဲ့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ အဲရစ်တန်ဟက်ဂ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီး သူသာ ယူနိုက်တက်နည်းပြ ဖြစ်လာခဲ့မယ်ဆိုရင် ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို ဦးစားပေး ခေါ်ယူသွားမယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်သွားဖို့အတွက် ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား နေးဗက်စ်ကို ခေါ်ယူသွားဖို့ မကြာခဏ ပစ်မှတ်ထားခဲ့ဖူးပြီး လာမယ့်နွေမှာလည်း ခေါ်ယူဖို့ပါ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းနဲ့ သတင်းထွက်ပေါ်နေတဲ့ နည်းပြတန်ဟက်ဂ်ကိုယ်တိုင်ကလည်း ရူဘင်နေးဗက်စ်ကို နှစ်သက်သူဖြစ်လို့ သူသာ ယူနိုက်တက်ကို ကိုင်တွယ်ဖြစ်ခဲ့မယ်ဆိုရင် ပထမဦးဆုံး ခေါ်ယူမယ့် ကစားသမားက နေးဗက်စ် ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

Photo Credit : Daily Mail

နည်းပြတန်ဟက်ဂ်က နေးဗက်စ် ဆယ်ကျော်သက်အရွှယ် ပေါ်တိုအသင်းမှာ ကစားခဲ့စဉ်ကတည်းက နေးဗက်စ်ရဲ့ ခြေစွမ်းပိုင်းတွေကို စောင့်ကြည့်ခဲ့တာဖြစ်လို့ ယူနိုက်တက်နဲ့သာ အမှန်တကယ် ပူးပေါင်းဖြစ်မယ်ဆိုရင် နေးဗက်စ်ကို အရခေါ်ယူဖွယ် ရှိနိုင်ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ကလည်း လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ ပေါ့ဘာ မာတစ်တို့ကို လက်လွတ်ရဖွယ် ရှိနေသလို အသင်းရဲ့လက်ရှိ ကွင်းလယ်ပိုင်းက အားရစရာ အနေအထားမှာ ရှိမနေတဲ့အတွက် ကွင်းလယ်ကို သေချာတည်ဆောက်သွားဖို့ လိုအပ်နေပြီး ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေနဲ့ ပင်ကိုယ်အရည်အသွေးကောင်းတွေ ကြွယ်ဝနေတဲ့ နေးဗက်စ်ကို ခေါ်ယူအားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွှယ် ကွင်းလယ်ကစားသမား နေးဗက်စ်ကို ယူနိုက်တက်အသင်းအပြင် အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတို့ကပါ အပြိုင်စိတ်ဝင်စားနေကြပေမယ့်လည်း ယူနိုက်တက်အသင်းမှာက နေးဗက်စ်ရဲ့ ပေါ်တူဂီအသင်းဖော်တွေဖြစ်တဲ့ ရော်နယ်လ်ဒို ဖာနန်ဒက်စ် ဒါလော့တို့ ရှိနေသလို နေးဗက်စ်ရဲ့အေးဂျင့်ကလည််း ရော်နယ်လ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ် ဖြစ်နေတာကြောင့် ကျန်တဲ့ အသင်းတွေထက် ယူနိုက်တက်ကိုသာ ပိုမိုရွေးချယ်သွားဖွယ် ရှိနေပါတယ်။

Exit mobile version